သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် Sandhurst စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြော


ဒေါ်အောင်ဆန်းစုကြည် တော်ဝင်စစ်တက္ကသိုလ် Sandhurst မှာ လေ့လာနေစဉ်။
ဒေါ်အောင်ဆန်းစုကြည် တော်ဝင်စစ်တက္ကသိုလ် Sandhurst မှာ လေ့လာနေစဉ်။
ဗြိတိန်နိုင်ငံကိုရောက်ရှိနေတဲ့ NLD ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ Sandhurst (ဆန်းဒတ်စ်) တော်ဝင် စစ်တက္ကသိုလ်ကိုသွားရောက်ပြီး လေ့လာခဲ့သလို ဗိုလ်လောင်းတွေကိုလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မနေ့ကတော့ မြောက်အိုင်ယာလန်ကို သွားရောက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင် ပတ်သက်တဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ အသေးစိတ်ကိုတော့ ဗြိတိန်နိုင်ငံခြားရေးရုံးကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင် က ပြောပြပေးပါမယ်။

အခုအသံလွှင့်ချိန် မတိုင်ခင် ဗြိတိန်စံတော်ချိန် ၃နာရီ၊ ၄၅ မိနစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ Sandhurst တော်ဝင်စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ စစ်တပ်ကို ဘယ်လိုလေ့ကျင့် သင်ကြားပေးသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သွားရောက်လေ့လာ တာဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Jonathan Farr က ဗွီအိုအေကိုပြောပါတယ်။

"ဒီကနေ့မှာ Sandhurst တော်ဝင်စစ်တက္ကသိုလ်မှာ လန်ဒန်စံတော်ချိန် နေ့လည်ပိုင်းမှာ ဗိုလ်လောင်းတွေနဲ့တွေ့ဆုံမှာဖြစ်ပြီး ဗြိတိန်နိုင်ငံအနေနဲ့ စစ်တပ်ကို ဘယ်လိုလေ့ကျင့် သင်ကြားပေးသလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်လေ့လာမှာပါ။ ပြီးတော့ သူကိုယ်တိုင်လည်း ဗိုလ်လောင်းတွေကို မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး ၊ဗြိတိန် မှာ သူရဲ့ ကိုယ်ပိုင်ချိန်အဖြစ်ရှိနေမှာပါ။"

အခုလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ Sandhurst တော်ဝင်စစ်တက္ကသိုလ် ကိုသွားရောက်လေ့လာတဲ့အတွက်လည်း အလွန်ပဲဝမ်းသာဂုဏ်ယူမိပါတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး Philip Hammond ကပြောပါတယ်။

ဒီကနေ့ခေတ်မှီတဲ့ကမ္ဘာမှာရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ပြည်သူ့ဝန်ထမ်း စစ်သားကောင်းပီသဖြစ်အောင် ဗြိတိန်နိုင်ငံအနေနဲ့ ဘယ်လိုလေ့ကျင့်သင်ကြားနေသလဲဆိုတာ ဒီစစ်တက္ကသိုလ်ကနေ စံနမူနာအဖြစ်ရှိနေပါတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။

ဒါ့အပြင် အနာဂတ်မြန်မာနဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ ကာကွယ်ရေး ဆိုင်ရာ ဆက်ဆံမှုဟာ ဒီမိုကရေစီစံပြီး နိုင်ငံတကာ ဥပဒေကို လေးစား လိုက်နာတဲ့ ခေတ်မှီစစ်တပ်ဖန်တီးရေးကို အဓိကဦးတည်မှာဖြစ်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီး Mr Hammond ကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ပတ်သက်လို့ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံး ပြောခွင့်ရ Mr Jonathan Farr ကပြောပါတယ်။

"ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လန်ဒန်ကိုရောက်ပြီး ဗြိတိန်ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့တွေ့ဆုံခဲ့ပါတယ်။မနေ့က မြောက်အိုင်ယာလန်ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့Belfast မြို့မှာ DUP ပါတီနဲ့ ရှမ်ဖိန်အဖွဲ့တို့ကခေါင်းဆောင်တွေနဲ့လည်း သူ ဆွေးနွေးခဲ့ပါတယ်။"

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဟာ အပြည့်အဝ ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်ပွဲဖြစ်ဖို့ ဖွဲ့စည်းပုံကို ပြင်ဖို့လိုအပ်တယ်လို့ ဗြိတိန်နိုင်ငံက ယူဆကြောင်းဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ယူကေအစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနက အကူအညီတွေ ဆက်ပြီးပေးသွားမယ် ဆိုတာကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ကျန်းမာရေးနဲ့ ပညာရေးပိုင်းမှာ တိုးတက်စေဖို့ အပါအဝင် မြန်မာနိုင်ငံအတွက် စတာလင်ပေါင် သန်း ၅၀ ကျော် သုံးစွဲဖို့ အာမခံထားတယ်လို့ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး Justine Greening ကပြောပါတယ်။

အခုယူကေခရီးစဉ် ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကို ခရီးဆက်ပြီး၊ မြန်မာ့ဒီမိုကရေစီရေးအတွက် ထောက်ခံခဲ့တဲ့ မြို့ ၅ မြို့ကို သွားမှာဖြစ်ပါတယ်။
XS
SM
MD
LG