သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးသင့်ပဲခူးရပ်ကွက် ဒေါ်အောင်ဆန်းစုကြည် သွားရောက်


ရေဘေးသင့် ပဲခူးရပ်ကွက်တခုသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သော NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ (သြဂုတ် ၃၊ ၂၀၁၅)
ရေဘေးသင့် ပဲခူးရပ်ကွက်တခုသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သော NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ (သြဂုတ် ၃၊ ၂၀၁၅)

ရေဘေးဒုက္ခသည်တွေဆီကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ပထမဆုံးအကြိမ်ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးမြို့က ရပ်ကွက်တခုကို သွားရောက်ပြီးတော့ တအိမ်တက်ဆင်း အားပေးစကားပြောခဲ့ပါတယ်။ ရေဘေးဒုက္ခသည်တွေအတွက် ကျန်းမာရေးနဲ့ ကူညီထောက်ပံ့မှုတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့NLD ကျန်းမာရေးကွန်ရက်က ကူညီဆောင်ရွက်ပေးနေတယ်လို့ ပဲခူးတိုင်း NLD ကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သြဂုတ်လ (၃) ရက်နေ့ တနင်္လာနေ့မှာ ပဲခူးတိုင်းဒေသကြီးအတွင်းက ရေလွှမ်းမိုးမှုဒဏ်ခံနေရတဲ့ ရေဘေးသင်ြ့ပည်သူတွေ ထောင်နဲ့ချီ ခေတ္တ ခိုလှုံနေကြတဲ့ ပဲခူးမြို့ ရွှေမော်ဓော ဘုရားလမ်းမှာရှိတဲ့ မိုးလေလေလုံ အားကစားခန်းမထဲမှာ ယာယီဖွင့်လှစ်ထားတဲ့ ရေဘေး ဒုက္ခသည် စခန်းကို သွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။ ဒါ့အပြင် ရေလွှမ်းမိုးမှုခံနေရတဲ့ ရေလွှမ်းနေသည့် ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်ထဲက ပြည်သူတွေရဲ့နေအိမ်တွေအထိ လှေနဲ့ ကိုယ်တိုင် သွားရောက်ကြည့်ရှုအားပေးခဲ့တဲ့အကြောင်း ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးကပြောပါတယ်။

ပဲခူးမြို့ ရေဘေးသင့်ရပ်ကွက်တခုကို သွားရောက်ကြည့်ရှုအားပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်။ (သြဂုတ် ၃၊ ၂၀၁၅)
ပဲခူးမြို့ ရေဘေးသင့်ရပ်ကွက်တခုကို သွားရောက်ကြည့်ရှုအားပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်။ (သြဂုတ် ၃၊ ၂၀၁၅)

“ပဲခူးမှာ ရေဘေးသင့်ပြည်သူတွေအတွက် နားနေတဲ့စခန်းဖွင့်ထားတယ်၊ အဲဒီစခန်းကို ကျနော်တို့သွားပါတယ်။ ပြည်သူတွေနဲ့တွေ့ဆုံပြီးတော့ နှုတ်ဆက်အားပေးစကားတွေ ပြောပါတယ်။ နောက်ပြီးတော့ ဆန်တို့၊ ဆေးတို့၊ ရေသန့်တို့ အဲဒါတွေ လှူခဲ့ပါတယ်။ ပြီးတော့ ဇိုင်းဂနိုင်း တောင်ပိုင်းမှာရှိတဲ့ ဇေယျာအောင် စာသင်တိုက်ကိုလည်း ကျနော်တို့ သွားပါတယ်။ အဲဒီစာသင်တိုက်ကလည်း ရေတွေဝိုင်းနေတာပါ။ စာသင်တိုက်ကြီးတခုလုံးကလည်း ရေတွေနစ်နေတာပါ။ ပြီးတဲ့အခါကျ ရပ်ကွက်အတွင်းမှာရှိတဲ့ အဲဒီ ရေထဲမှာပဲ လှေလေးစီးပြီးတော့ အိမ်တွေမှာ တအိမ်တက်ဆင်းပေါ့နော်-အဲဒါမျိုး လုပ်ခဲ့တာလည်း ရှိပါတယ်။ မြို့သူမြို့သားတွေက အရမ်း အားရဝမ်းသာကျေနပ်ကြတယ်။ ဒီလိုလာပြီး အားပေးတာပဲ အများကြီးဝမ်းသာကြည်နူးရပါတယ်-ဆိုပြီးတော့ ငိုပြီး ပြောတဲ့လူတွေရှိတယ်။ ဝမ်းသာတဲ့အတွက်လည်း ပန်းစည်းတွေပေးတဲ့လူနဲ့၊ မျက်ရည်တွေဝဲပြီး ပြောတဲ့လူတွေလည်း ရှိပါတယ်။ လှေလေးနဲ့သွားပြီးတော့ကို သူက အဲဒီနားမှာရှိတဲ့အိမ်တွေမှာ တက်ကြည့်ပြီးတော့ မိသားစုတွေနဲ့တွေ့ဆုံ၊ မေးမြန်းတဲ့အနေအထားဆိုတော့ ဒေသခံပြည်သူတွေက သူတို့မထင်မှတ်တဲ့ လူထုခေါင်းဆောင် တယောက်က သူတို့ရဲ့အိမ်ပေါ်ကိုရောက်လာပြီးတော့ ပကတိအခြေအနေကိုကြည့်ပြီးတော့ မေးမြန်း စူးစမ်းသွားလိုက်တဲ့အခါမှာ သူတို့ အတွက်ကို သေပျော်ပါပြီ-လို့တောင် ပြောတဲ့လူမျိုးတွေ ရှိပါတယ်။”

ရေဘေးဒုက္ခသည်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့ချိန်မှာ ဒုက္ခသည်တွေဘက်က ရေဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ ရေဘေးဒုက္ခသည်တွေကို အာဏာပိုင်တွေဘက်က ပြန်ဖို့ ပြောဆိုနေတဲ့အပေါ် ရေဘေးကို စိတ်မချရသေးတဲ့အတွက် မပြန်လိုဖြစ်နေကြတဲ့ အခက်အခဲအပေါ် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒုက္ခသည်တွေအတွက် ပြန်တဲ့အခါမှာ လုံခြုံစိတ်ချမှုရှိမရှိ သေချာအောင် ကြည့်ရှုစစ်ဆေးကြဖို့ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးမင်းဦးက ရေဘေးဒုက္ခသည်တွေ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့အနေအထားနဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“အဲဒီမှာ ဒေသခံတဦးက တင်ပြတာရှိပါတယ်။ မနေ့ကဆိုလို့ရှိရင် အာဏာပိုင်တွေကနေပြီးတော့ မိမိနေအိမ်ကို ပြန်ကြဖို့ နှိုးဆော်ပါတယ်၊ ညွှန်ကြားပါတယ်-တဲ့။ ဒါပေမယ့် လက်ရှိ ရေအနေအထားအရလည်း စိတ်မချရသေးတဲ့အတွက်လည်း သူတို့ မပြန်ချင်သေးဘူးပေါ့နော်။ ဒီမှာနေချင်ပါတယ်၊ စိတ်ချရတော့မှပဲ သူတို့ပြန်ချင်တယ်လို့ ပြောတယ်။ ပဲခူးတိုင်းက ဒေသခံ NLD တွေနဲ့ ကျနော်တို့ NLD ၊ တိုင်းအလုပ်အမှုဆောင်တို့အပေါ်မှာ တာဝန်ပေးခဲ့တာက စာရင်းဇယားပြုစုပါ။ တကယ်လို့ ဘယ်ရပ်ကွက်မှာနေလဲ၊ ဘယ်သူတွေလဲ။ သူတို့အိမ်တွေဟာ လက်ရှိအနေအထားမှာ ပြန်လို့သင့်ပြီလား၊ မသင့်သေးဘူးလား။ သင့်ပြီဆိုရင်လည်း ပြန်ပြီးတော့ လာတဲ့ပုံစံမျိုးတော့ -- ပြန်ဖို့သင့်ရင်သင့်တယ်ပေါ့နော်။ ပြန်ဖို့ မသင့်သေးဘူးရင်လည်း မသင့်ဘူးကြည့်မယ်။ တကယ်လို့ ပြန်ဖို့မသင့်သေးဘူးဆိုရင် သက်ဆိုင်ရာအာဏာပိုင်များနဲ့ ညှိနှိုင်းပေါင်းစပ်ပြီးတော့ အဆင်ပြေအောင် ဆက်လက်ပြီးတော့ စခန်းမှာထားပေးဖို့၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးဖို့၊ လမ်းညွှန်ခဲ့တာလည်း ရှိပါတယ်ခင်ဗျ။ အဲဒါမှာဆိုလို့ရှိရင် ရေရှည်မှာ အများနဲ့ နေရထိုင်ရတာဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးကွန်ယက်ကနေပြီးတော့ ဒေါက်တာသော်ဇင်အုန်းတို့ ဦးစီးပြီးတော့ အထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုလေးတွေ ပေးနေတာ ရှိပါတယ်ခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွဲ့စည်းထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ ရေဘေးသင့်ဒေသတွေက ရေဘေးဒုက္ခသည်တွေ အတွက် ဆန်အိတ်၊ ရေသန့်ဘူး၊ ရေသန့်ဆေးထုတ်တွေနဲ့ ဓာတ်ဆားထုတ်တွေကိုလည်း လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ရေဖုံးလွှမ်းမှုခံနေရတဲ့ ပဲခူးတိုင်း အတွင်းက အောင်ဇေယျကျောင်းတိုက်မှာ ခိုလှုံနေတဲ့ ရေဘေးဒုက္ခသည် (၆ဝဝ) ကျော်ကိုလည်း သွားရောက်တွေ့ဆုံခဲ့ပြီး ကျောင်းတိုက်မှာရှိတဲ့ သံဃာတော်တွေကို ဝါဆိုသင်္ကန်းကပ်လှူခဲ့သလို ရေဘေးသင့်ပြည်သူတွေလိုအပ်တဲ့ စားနပ်ရိက္ခာတွေကိုလည်း ကိုယ်တိုင် ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

XS
SM
MD
LG