သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီနဲ့ အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်


 ဒေါ်အောင်ဆန်းစုကြည် (Photo-NLD chairperson )
ဒေါ်အောင်ဆန်းစုကြည် (Photo-NLD chairperson )

ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီဥက္ကဋ္ဌ အဖြစ်နဲ့ အစိုးရသစ်အဖွဲ့ကို ဦးဆောင်သွားမှာဖြစ်တယ်လို့ ပါတီ ထိပ်ပိုင်းခေါင်းဆောင်တဦး ကပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး အမည်စာရင်းတွေကို မတ်လ (၂၄)ရက် နေ့လောက်မှာ ထုတ်ပြန်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ မနေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင် ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို အဲဒီလိုပြောလိုက်တာဖြစ်ပါတယ်။

အစိုးရအဖွဲ့သစ်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ဦးဆောင်သွားနိုင်မလဲ။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

တနင်္ဂနွေနေ့ကပြုလုပ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင်ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကိုပြောပြခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမလဲဆိုတဲ့ မေးခွန်းကို အခုလိုဖြေဆိုပါတယ်။

“ဘာပဲပြောပြောပါတီရဲ့ ဥက္ကဋ္ဌ Role ဟာ သူက ထိပ်မှာ အမြဲတမ်းရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်လိုရှိသလဲ ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်ပဲ ဦးဆောင်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့မယ့် အစိုးရကိုလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ ဦးဆောင်မှာပေါ့ဗျာ။ အဲဒီတော့ ဘယ်နေရာ အခန်းကဏ္ဍ ဆိုတာလည်းတော့ မမေးနဲ့တော့ပေါ့ဗျာ။ ဒီအနေအထားကိုပဲ basic principle ကိုပဲ ပြောပြတာပါ။”

အရင်ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတရုံး ဒါမှမဟုတ် ဝန်ကြီးရာထူးတခုခုယူပြီး အစိုးရထဲပါဝင်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။ မကြာသေးခင်ရက်ပိုင်းကပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ညွန်ကြားရေးမှုးချုပ်တွေအပါအဝင် အဖွဲ့ဝင် (၈)ဦးပတဲ့ လွှတ်တော်ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့နဲ့ပတ်သက်ရင်လည်း ဝန်ကြီးရာထူးကိုမယူပဲ အလားတူ အစိုးရအဖွဲ့ကို ထိန်းကျောင်းသွားနိုင်တဲ့ နည်းလမ်းရှိတယ်လို့ သုံးသပ်ကြောင်း ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ဒေါက်တာဇော်မြင့်မောင်ပြောသလိုပေါ့နော် ပါတီ ရဲ့ ဥက္ကဋ္ဌအနေနဲ့ ဆက်ရှိနေပြီးတော့ ပါတီဥက္ကဋ္ဌကနေပြီးတော့ မွေးထုတ်လိုက်တဲ့ အစိုးရအဖွဲ့၊ သမ္မတကအစ သူကနေ ထိန်းကျောင်းပေးပြီးတော့ ကွပ်ကဲမယ်ဆိုတဲ့ အနေအထားပါ။ တနည်းအားဖြင့်လည်း ဖွဲ့စည်းပုံမှာ ဒီပါတီထဲက ပုဂ္ဂိုလ်က အစိုးရတာဝန် ၊ သမ္မတ တာဝန်ယူရင် ပါတီက တာဝန် မရှိဘူးဆိုတာလည်း လုပ်ထားတော့ ဒီအချက်ကလည်း နောက်ထပ် ကမောက်ကမတွေဖြစ်ကုန်တာပေါ့နော် ။ ဒါကြောင့်လည်းပဲ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ကြားထဲမှာ ပြဿနာတွေ ဖြစ်ခဲ့သလိုပေါ့နော်။ အဲတော့ တနည်းအားဖြင့် ကျနော်ပြောချင်တာက ဒီကမောက်ကမနိုင်လာတဲ့ ဖွဲ့စည်းပုံကြီး ရှိနေတဲ့ကြားထဲက ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးနဲ့ သမ္မတ တာဝန်မယူပဲနဲ့ သူက ထိန်းကျောင်းဖို့နေရာပဲ ယူမယ့်သဘောဖြစ်ပါတယ်ခင်ဗျာ။"

မနေ့က NLD ဗဟိုအလုပ်အမှုဆောင်ဆွေးနွေးပွဲမှာ အများ စိတ်ဝင်စားနေတဲ့ အစိုးရသစ်အဖွဲ့မှာပါမယ့် ဝန်ကြီးတွေရဲ့ အမည်စာရင်းအပြီးသတ် အတည်ပြုမယ်ဆိုတဲ့သတင်းတွေ ကြိုပြီးထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ ဒေါက်တာဇော်မြင့်မောင်ကတော့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ သတင်းထောက်တွေကိုပြောကြားရာမှာ မတ်လ (၂၄)ရက် ကြာသပတေးနေ့လောက်မှာ ပြည်ထောင်စုဝန်ကြီး အမည်စာရင်းတွေ ထုတ်ပြန်နိုင်ခြေရှိတယ်လို့ ပြောကြားခဲ့ပြီး သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဘယ်လိုရှေ့ဆက်မလဲ၊ NLD ရဲ့ကော်မတီတွေမှာ တာဝန်ယူခဲ့သူတွေဟာ လွှတ်တော်ထဲကိုရောက်လာတဲ့အတွက် ပါတီနဲ့လွှတ်တော် မတိုက်အောင် ဘယ်လိုဆောင်ရွက်မလဲအပါအဝင် ပါတီရှေ့ဆက်လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် NLD ပါတီရဲ့ ရှေ့ခရီးနဲ့ ပတ်သက်ပြီး ဒေါက်တင်တင့်ဆွေရဲ့ အမြင်ကိုမေးကြည့်တော့

“အခက်အခဲတွေကြားထဲကတောင်မှ ကျနော်တို့ အသက်ဆက်အောင်နေခဲ့ပြီးတော့ အခုတခါ မျိုးဆက်သစ်လက်ကမ်းမှုတွေ၊ မျိုးဆက်သစ်အတွက် နေရာပေးဖို့အတွက် သင်တန်းတွေလုပ်နေတော့ NLD ပါတီထဲမှာလည်း အခုအစိုးရသစ်ထဲရောက်သွားတဲ့ ပုဂ္ဂိုလ်တွေ ၊ ပါတီကိစ္စ လှည့်မကြည့်နိုင်ရင် နောက်ထပ် ပုဂ္ဂိုလ်တွေ တက်လာလိမ့်မယ်။ တက်လာတဲ့ ပုဂ္ဂိုလ်တွေလည်း လူသစ်ဖြစ်ဦးတော့ ကျနော်ကတော့ ယုံကြည်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ အရင်ခေါင်းဆောင်တွေလိုပဲ စိတ်စေတနာ မှန်မှန်နဲ့ ပါတီအရေးကို ထိန်းကျောင်းသွားနိုင်မယ်။ ဒီအခွင့်အလမ်းတခု ၂၀၁၅ ရွေးကောက်ပွဲကနေ မွေးပေးလိုက်တဲ့အတွက် NLD ကလည်း အရင်ကထက်တောင်ပိုပြီးတော့မှ အင်သစ်အားသစ်လူသစ်၊ စိတ်သစ်တွေနဲ့လူတွေပါ နေရာရလာတဲ့ အနေအထားလို့ မြင်ပါတယ်ခင်ဗျ။”

ဒီကနေ့ တနင်္လာနေ့မှာတော့ ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံ သမ္မတ ဦးထင်ကျော်ကနေ ဝန်ကြီးဌာနတွေ ပြင်ဆင်ဖွဲ့စည်းတာတွေနဲ့ပတ်သက်လို့ တင်ပြဆွေးနွေးမှာဖြစ်ပါတယ်။

XS
SM
MD
LG