သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ်လုပ်ငန်းလေ့လာဖို့ ဦးအောင်သောင်းနဲ့အဖွဲ့ ဂျာမနီသွားရောက်


 ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌဦးအောင်သောင်း။
ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌဦးအောင်သောင်း။

မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတိုးတက်ဖွံ့ဖြိုးစေဖို့အတွက် ဂျာမနီနိုင်ငံဗဟိုဘဏ်နဲ့ ဥရောပဗဟိုဘဏ်တွေကို လေ့လာဖို့ ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌဦးအောင်သောင်းဦးဆောင်တဲ့ ကော်မတီအဖွဲ့ဝင် (၇) ဦးတို့ဟာ ဒီညနေမှာပဲ မြန်မာနိုင်ငံကနေ ထွက်ခွာသွားကြပြီဖြစ်ပါတယ်။ အခု ခရီးစဉ်နဲ့ပတ်သက်ပြီး မထွက်ခွာခင် လေဆိပ်မှာ ဗွီအိုအေက ဦးအောင်သောင်းကို မေးမြန်းရာမှာ အခုလို စတင်ပြောကြားခဲ့ပါတယ်။

“ဘဏ္ဍာရေးကိစ္စတော့လည်း မှန်ပါတယ်။ ဒါပေမယ့် တကယ်တန်း တိတိကျကျ- ကျတော့ ဘဏ်လုပ်ငန်းစနစ်နဲ့ ငွေကြေးစနစ်ကို အဓိက လေ့လာမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဂျာမနီကို သွားတဲ့အခါကျတော့ ဂျာမနီက ဗဟိုဘဏ်နဲ့လည်းတွေ့မယ်။ အာမခံဘဏ်တွေနဲ့လည်း တွေ့မယ်။ GIZ က ငွေကြေးဆောင်ရွက်တဲ့လုပ်ငန်းတွေကို လေ့လာမယ်။ နောက် EU က ဘဏ်နဲ့ တွေ့မယ်။ သူတို့ဆီက သူတို့ လုပ်ပုံ ကိုင်ပုံတွေကို လေ့လာခွင့်ရမှာပေါ့။ ကြားနာလို့ရမယ်၊ နည်းပညာတွေရမယ်ပေါ့။ ကျနော်တို့နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲ၊ သူတို့ဆီက ဘာနည်းပညာတွေ ရနိုင်မလဲ။ ကျနော်တို့တိုင်းပြည်အတွက် ဘယ်လို ညီညွတ်တာတွေ၊ အသုံးပြုလို့ရတာတွေ ရမလဲဆိုတာ ကျနော်တို့ ကြည့်မှာဖြစ်ပါတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ ကိုယ့်တိုင်းပြည်ရောက်တဲ့အခါကျတော့ လွှတ်တော်ကို ပြန်လည် ဆွေးနွေးပြီးတော့မှ အသုံးပြုနိုင်တဲ့ဟာတွေ အသုံးပြုမယ်လို့ ရည်ရွယ်ပါတယ်။”

ကမ္ဘာမှာ နိုင်ငံအားလုံးလိုလိုဟာ ငွေကြေးတန်ဖိုး ကျသွားနေချိန်မှာ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း ၅ % ကနေ ၈ % လောက်အထိပဲ ရှိလာခဲ့တာမို့ တခြားနိုင်ငံတွေနဲ့ယှဉ်ရင်တော့ ဖောင်းပွမှုနှုန်းဟာ နည်းပါးပါတယ်လို့လည်း ပြောပါတယ်။ ဘဏ္ဍာရေးအရ လိုငွေပြနေတာမို့ အသုံးစရိတ်တွေကို လျှော့ချပြီး ဗဟိုဘဏ်နဲ့ တခြားဘဏ်အဖွဲ့အစည်းတွေနဲ့လည်း တိုင်ပင်ပြီး ငွေကြေးတည်ငြိမ်အောင် လုပ်ဖို့ ကြိုးစားနေပါတယ်လို့ ဆိုပါတယ်။

ဂျမနီနိုင်ငံ ဘဏ်စနစ်နဲ့ ပါလီမန်စနစ်တွေကို လေ့လာဖို့အတွက် ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) ကနေ ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ မေလ ၁ ရက်နေ့မှာတော့ အင်းလျားကန်ဟိုတယ်လ်မှာ အခု ခရီးစဉ်အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပါတယ်။

XS
SM
MD
LG