သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီ အောင်ဇော် Stanford တက္ကသိုလ် မီဒီယာဆုရရှိ


ဧရာဝတီသတင်းဌာန အယ်ဒီတာ ဦးအောင်ဇော် Photo Credit to Aung Zaw FB
ဧရာဝတီသတင်းဌာန အယ်ဒီတာ ဦးအောင်ဇော် Photo Credit to Aung Zaw FB
ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာ ဦးအောင်ဇော်ကို ၂၀၁၃ ခုနှစ်အတွက် Shorenstein သတင်းသမားဆု ချီးမြှင့်လိုက်ကြောင်း Stanford တက္ကသိုလ်ရဲ့ Walter H. Shorenstein အာရှပစိဖိတ် သုတေသနဌာန APARC ကကြေညာလိုက်ပါတယ်။

မတ်လ ၆ ရက် ကြာသပတေးနေ့မှာ Stanford မှာ ဆုလာယူမယ့် ဦးအောင်ဇော်က မြန်မာနိုင်ငံဆိုင်ရာ သူ့ရဲ့ လုပ်ဆောင်မှုတွေ ကို ဟောပြောမှာလည်း ဖြစ်ပါတယ်။ သူဟာ ၁၉၈၈ ခု ကျောင်းသားတွေ ဦးဆောင်တဲ့ တနိုင်ငံလုံး လူထုအုံကြွမှုမှာ ပါဝင်တဲ့အတွက် ဖမ်းဆီး မေးမြန်းစစ်ဆေးတာကို ခံခဲ့ရတဲ့ နောက်ပိုင်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ပါတယ်။ သူဟာ သတင်းငတ်နေတဲ့ မြန်မာပြည်သူတွေ အတွက် ရည်ရွယ်ပြီး ဧရာဝတီမဂ္ဂဇင်းကို ထုတ်ဝေခဲ့သလို နှစ် ၂၀ ကျော် ထိုင်းမှာ အခြေစိုက်ထုတ်ဝေခဲ့တဲ့ မဂ္ဂဇင်းကို အခု ရန်ကုန်မှာပါ ဆက်လက် ထုတ်ဝေဖို့ ကြိုးစားခဲ့သူဖြစ်ပါတယ်။

New York Times နဲ့ The Guardian အပါအဝင် သတင်းစာကြီး အတော်များများမှာ မြန်မာနိုင်ငံဆိုင်ရာ သတင်းဆောင်းပါးတွေ ဝေဘန်ချက်တွေ အခုထိ ရေးသားနေတဲ့ ဦးအောင်ဇော်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း လျှောက်လှမ်းရာမှာ သတင်း မီဒီယာကဏ္ဍကနေ ထူးထူူးခြားခြား ပါဝင်ခဲ့သူအဖြစ် ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ချီးမြှင့်တာဖြစ်ကြောင်း ဆုချီးမြှင့်ရေးအဖွဲပက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Shorenstein Journalism Award သတင်းသမားဆုကို ၂၀၀၂ ခုနှစ်က စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ အာရှဒေသ အနာဂါတ် ဆက်ဆံရေးအတွက် လွတ်လပ်မှုကို မြှင့်တင်ပေးတဲ့ ထူးချွန်တဲ့ သတင်းသမားတွေကို ချီးမြှင့် တာဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံသားတဦး ပထမဆုံးအကြိမ် ဆုရရှိခဲ့တာဖြစ်ပြီး ဆုကြေးက ဒေါ်လာငွေ တသောင်း ဖြစ်ပါတယ်။
XS
SM
MD
LG