သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူသားချင်းစာနာမှု အကူအညီ သြစတြေးလျ ထပ်ပေး


ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းမှ ဒေသခံပြည်သူများ
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းမှ ဒေသခံပြည်သူများ
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ သြစတြေးလျဒေါ်လာ တစ်သန်း ထပ်ပေးမယ်လို့ သြစတြေးလျအစိုးရက ကတိပြုလိုက်တဲ့အကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA) ရဲ့ မြန်မာနိုင်ငံရုံးခွဲက ဒီဇင်ဘာလ ၂၄ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လိုက်တာပါ။ ဒီရန်ပုံငွေတွေကို လက်ရှိမှာ အဓိကလိုအပ်နေတဲ့ ရခိုင်နဲ့ကချင်ပြည်နယ်တွေအတွက် ခွဲေ၀ သုံးစွဲသွားမှာဖြစ်ပြီး နောက်ထပ် ရန်ပုံငွေ အများအပြား လိုအပ်နေဆဲဖြစ်တယ်လို့ ရန်ကုန်မြို့ OCHA ရုံး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ထူထောင်ထားပြီး OCHA ရုံးက တာဝန်ယူပြီးတော့ စီမံခန့်ခွဲလုပ်ဆောင်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံစုံ အကူအညီ ပေး ရန်ပုံငွေ HMSF လို့ခေါ်တဲ့ အရေးပေါ် တုန့်ပြန်လုပ်ဆောင်ရေး ရန်ပုံငွေအတွက် AusAID နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သြစတြေးလျ အေဂျင်စီကနေ တဆင့် အခု ဒေါ်လာတသန်းကို သြစတြေးလျအစိုးရက ပေးအပ်တာပါ။

“သြစတြေးလျအစိုးရက သူတို့ရဲ့ အကူအညီပေးရေး အစီအစဉ်ကနေတဆင့် မြန်မာနိုင်ငံက အရေးပေါ် အကူအညီပေးရေး ရန်ပုံငွေ အတွက် သြစတြေးလျဒေါ်လာ တသန်းထည့်ဝင်ဖို့ ကတိပြုလိုက်ပါတယ်။”

ရန်ကုန်မြို့ OCHA ရုံးက သတင်းပြန်ကြားရေးအရာရှိ Stewart Davies က ဗွီအိုအေကိုပြောသွားတာပါ။ ဒီရန်ပုံငွေအတွက် သြစတြေးလျအစိုးရက ထည့်ဝင်တာဟာ အခုတကြိမ်ပါနဲ့ဆိုရင် သုံးကြိမ်မြောက်ဖြစ်ပါတယ်။ အရင်တုန်းကလည်း နည်းလမ်း အမျိုးမျိုးနဲ့ အကူအညီတွေ ပေးခဲ့ဖူးတယ်လို့ဆိုပါတယ်။

အရင်တုန်းက ပေးခဲ့တဲ့အကူအညီတွေကို ကချင်နဲ့ရှမ်းပြည်နယ်တွေမှာ အသုံးပြုခဲ့ပြီး အခုလက်ရှိအချိန်မှာတော့ ရန်ပုံငွေအများစုကို ရခိုင်ပြည်နယ် အတွက် အသုံးပြုမယ်လို့ မစ္စတာ စတူးဝတ်တ်က ပြောပါတယ်။

OCHA အဖွဲ့ဟာ နိုင်ငံတကာကပေးအပ်တဲ့ အလှူငွေတွေကို လက်ခံရယူပြီး စီမံခန့်ခွဲတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ဝင်လာတဲ့ရန်ပုံငွေတွေကို ဒီအဖွဲ့က နေတဆင့် တခြား ကုလသမဂ္ဂအဖွဲ့အစည်းတွေကို ခွဲဝေချထားပေးပြီးတော့ လုပ်ငန်းတွေ အကောင်အထည်ဖော်တာပါ။
အခု HMSF ရန်ပုံငွေ အတွက် အထူးသဖြင့် ထည့်ဝင်နေတဲ့နိုင်ငံတွေက ဗြိတိန်နဲ့ ဆွီဒင်နိုင်ငံတွေဖြစ်ကြပါတယ်။

ရန်ပုံငွေတွေကို မြန်မာနိုင်ငံတွင်းက လိုအပ်တဲ့ဒေသတွေအတွက် ခွဲဝေသုံးစွဲတာဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ ရခိုင်နဲ့ ကချင်ပြည်နယ်တွေအတွက် အဓိကသုံးစွဲနေတယ်လို့ မစ္စတာ စတူးဝတ်တ်က ပြောပါတယ်။ နိုင်ငံတကာကနေ ရန်ပုံငွေအကူအညီတွေ ပေးနေတယ်ဆိုပေမဲ့လည်း ရခိုင်နဲ့ကချင်ပြည်နယ်တွေအတွက် လိုအပ်တဲ့ ရန်ပုံငွေကို မပြည့်မီသေးဘဲ လက်ရှိ ရထားပြီးသား ရန်ပုံငွေတွေကလည်း လာမယ့်နှစ် တနှစ်လုံးအတွက် မလုံလောက်သေးပါဘူး။

“ရခိုင်ပြည်နယ်အတွက် စုစုပေါင်းလိုအပ်တဲ့ ခန့်မှန်းခြေရန်ပုံငွေက အမေရိကန်ဒေါ်လာ ၆၈ သန်းဖြစ်ပြီး ခန့်မှန်းခြေ နောက်ထပ် ဒေါ်လာ ၃၈ သန်း လိုအပ်နေပါသေးတယ်။ ကချင်ပြည်နယ်အတွက် လိုအပ်တဲ့ရန်ပုံငွေ စုစုပေါင်းက ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၆ သန်းဖြစ်ပြီး နောက်ထပ် ဒေါ်လာ ၉ သန်းလိုနေပါသေးတယ်။”

ရခိုင်ပြည်နယ်အတွက် လက်ရှိမှာ၂၀၁၃ ခုနှစ်၊ ဇွန်လအတွက်ပဲ ရန်ပုံငွေရှိပြီး ကချင်ပြည်နယ်အတွက်က ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွက်ပဲ ရှိပါသေးတယ်။ ရခိုင်နဲ့ကချင်ပြည်နယ်တွေအတွက် လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ တိကျရှင်းလင်းတဲ့ အစီအစဉ်တွေကို ချမှတ်ထားပြီးသားပါလို့ မစ္စတာစတူးဝတ်တ်က ပြောပါတယ်။ အခုအချိန်ထိကတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ အလှူရှင်နိုင်ငံတွေဟာ ရန်ပုံငွေတွေကို စေတနာ ထက်သန်စွာ ပေးအပ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း နောက်ထပ် လိုအပ်တဲ့ရန်ပုံငွေကို ရှာဖွေစုဆောင်းနိုင်မယ်လို့ မစ္စတာစတူးဝတ်တ်က ယုံကြည်ထားပါတယ်။

“နောက်ထပ် ရန်ပုံငွေတွေ ရဖို့ကိစ္စနဲ့ပတ်သက်ပြီး ကျနော် အကောင်းမြင်ထားပါတယ်။ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးနေတဲ့ အသိုင်းအဝိုင်းကိုယ်စား လုပ်ဆောင်ပေးနေကြတာမှာ အားတက်ဖွယ်ရာ အခြေအနေတွေကို တွေ့နေရပါတယ်။ ရန်ပုံငွေတချို့ ထပ်ရမယ်ဆိုတဲ့အပေါ် ကျနော်တို့ အကောင်းမြင်ပေမယ့် နောက်ထပ် ရန်ပုံငွေ အများကြီး လိုအပ်ဦးမယ်လို့ ကျနော်ယုံကြည်ပါ တယ်။”

ရန်ကုန်မြို့ OCHA ရုံးက သတင်းပြန်ကြားရေးအရာရှိ Stewart Davies ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်မှာ HMSF ရန်ပုံငွေကို စတင်ခဲ့ကတည်းကဆိုရင် ကျေးရွာပေါင်း ၁၈၀ က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးစီမံကိန်း ၁၆ ခု အတွက် ရန်ပုံငွေတွေ ခွဲဝေပေးခဲ့ပြီး လူပေါင်း ၂၀၀,၀၀၀ လောက် အကျိုးရှိခဲ့တယ်လို့ OCHA ရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီစီမံကိန်းတွေဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ လူတွေရဲ့အသက်ကိုကယ်တင်တဲ့ လုပ်ငန်းတွေ လုပ်နိုင်ခဲ့တယ်လို့ OCHA အဖွဲ့က ပြောပါတယ်။ မကြာသေးခင်က ရက်ပိုင်းတုန်းကလည်း ဥရောပကော်မရှင်နဲ့ ဗြိတိန်နိုင်ငံတို့က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးမယ်လို့ ကြေညာခဲ့ပါတယ်။
XS
SM
MD
LG