သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုလှုံခွင့်တောင်းခံသူတွေ သြစတြေးလျ လက်ခံတော့မည်မဟုတ်


ပစိဖိတ်သမုဒ္ဒရာမှာရှိတဲ့ Nauru ကျွန်းမှာ ထိန်းသိမ်းခံထားရတဲ့ ခိုလှုံခွင့်တောင်းခံသူတွေအနေနဲ့ သူတို့ကို ကမ်းလှမ်းထားတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ သွားရောက်ပြီးတော့ အခြေချဖို့ အစီအစဉ်ကို လက်ခံကြဖို့အတွက် သြစတြေးလျ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ဗွီဒီယိုတိတ်ခွေနဲ့ ပေးပို့လိုက်တဲ့ မိန့်ခွန်းထဲမှာ ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။

ခိုလှုံခွင့်တောင်းခံသူတွေအနေနဲ့လည်း သြစတြေးလျမှာ လာရောက်အခြေချနေထိုင်ခွင့် တသက်လုံးရမှာ မဟုတ်ဘူးလို့လည်း သတိပေးလိုက်ပါတယ်။ ဘန်ကောက်အခြေစိုက် ဗွီအိုအေသတင်းထောက် Steve Herman ပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

သြစတြေးလျမှာ ခိုလှုံခွင့်တောင်းခံဖို့ ကြိုးစားခဲ့ကြတဲ့ လူရာပေါင်းများစွာတို့အနေနဲ့ ထင်သလောက် ခရီးမပေါက်ခဲ့ဘဲ Nauru ကျွန်းရှိ ထိန်းသိမ်းရေးစခန်းကို အပို့ခံခဲ့ကြရတာဖြစ်ပါတယ်။ သူတို့ကို သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Peter Dutton က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တဲ့ ဗွီဒီယိုမိန့်ခွန်းအရတော့ ရာဇသံပေးတဲ့သဘောလည်း ရောက်ခဲ့ပါတယ်။

“Nauru မှာရောက်နေတဲ့ ဒုက္ခသည်တွေနဲ့ အခြေချ ပြောင်းရွှေ့သူတွေအားလုံးကို ကျနော် ရှင်းရှင်းလင်းလင်းပဲ အသိပေးပါရစေ။ သြစတြေးလျမှာ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အခြေချပိုင်ခွင့် ရမှာမဟုတ်ဘူးဆိုတာကို နားလည်ထားဖို့ပါ။ သြစတြေးလျအစိုးရက နေထိုင်ခွင့် မပေးနိုင်ပါဘူး။”

ကမ္ဘောဒီးယားအနေနဲ့ ဒီဒုက္ခသည် ၁ ထောင်ကျော်ကို လက်ခံဖို့ သဘောတူခဲ့ပြီး၊ အပြန်အလှန်အားဖြင့် သြစတြေးလျကနေ ဒေါ်လာ သန်း ၃၀ အထောက်အပံ့ကို ကမ္ဘောဒီးယားကို ပေးမှာဖြစ်ပါတယ်။ အခုလို သဘောတူညီမှုကို လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြစ်တင်ဝေဖန်ခဲ့ကြပြီး၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ရာရောက်တယ်လို့ ထောက်ပြခဲ့ကြပါတယ်။ ဒါကို သြစတြေးလျနဲ့ ကမ္ဘောဒီးယားတို့ကတော့ ဂရုစိုက်ပုံ မပေါ်ပါဘူး။

ဝန်ကြီး Dutton က ဒုက္ခသည်တွေကို ပြောခဲ့တာကတော့ -

“ဒီအစီအစဉ်အောင်မြင်စေဖို့ ကမ္ဘောဒီးယားအစိုးရက လိုလားတယ်ဆိုတာကို သြစတြေးလျကို ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပြီးဖြစ်ပါတယ်။ ဒုက္ခသည်တွေ ပြန်လည်အခြေချတဲ့ အစီအစဉ်အပေါ် သိပ်ကိုတန်ဖိုးထားပြီး ကမ္ဘောဒီးယားကို ဒုက္ခသည်တွေအနေနဲ့ ယူဆောင်လာကြမယ့် ရင့်ကျက်တဲ့ အတွေ့အကြုံတွေနဲ့ အားမာန်တွေကိုလည်း ကြိုဆိုမှာဖြစ်ပါတယ်။”

လူဝင်မှုကြီးကြပ်ရေးဌာနက ဝန်ကြီးက ကမ္ဘောဒီးယားအနေနဲ့ ဒုက္ခသည်တွေအတွက် အခွင့်အလမ်းကောင်းတွေ တပုံကြီး ဖန်တီးပေးလိမ့်မယ်လို့ ပြောခဲ့သလို၊ ဒီဆင်းရဲတဲ့ အရှေ့တောင်အာရှနိုင်ငံဟာ ခေတ်မီရှင်သန်တိုးတက်နေပြီး လူမျိုးစုံလည်း နေထိုင်ကြတယ်လို့ ထောက်ပြခဲ့ပါတယ်။ လက်တွေ့မှာတော့ လူဦးရေ ၁၅.၅ သန်းရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းဟာ ခမာလူမျိုးတွေဖြစ်ကြပြီး၊ ကမ္ဘောဒီးယားမှာ ကျန်ရှိတဲ့ ၁၀ ရာခိုင်နှုန်းရဲ့ တဝက်ဟာ ဗီယက်နမ်နွယ်ဖွားတွေ ဖြစ်ကြတယ်။

ကမ္ဘောဒီးယားမှာ ၉၇ ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာတွေပါ။ Nauru စခန်းကိုရောက်နေတဲ့ ခိုလှုံခွင့်တောင်းခံသူ ၇၀၀ ကျော်တို့ဟာ အများဆုံး အာဖရိကအရှေ့အလယ်ပိုင်းနဲ့ တောင်အာရှတို့က ဖြစ်ကြပါတယ်။ လူ ၅၀၀ နီးပါးဟာ ဒုက္ခသည်အစစ်တွေဖြစ်ကြပြီး၊ ၈၀ ကျော်တို့ကတော့ ဒုက္ခသည်တွေအဖြစ် သတ်မှတ်မခံရဘဲ၊ နောက်ထပ် ၁၅၀ တို့ကိုတော့ စိစစ်ဆဲရှိတာ တွေ့ရပါတယ်။ ဒီဒုက္ခသည်တွေ ပထမအသုတ်ဟာ ကမ္ဘောဒီးယားကို ဒီနှစ်ကုန်မှာ သွားရောက် အခြေချကြမှာဖြစ်ပါတယ်။ တချို့တို့ကတော့ တွန့်ဆုတ်နေကြဆဲပါ။

လောလောဆယ်မှာတော့ ခိုလှုံခွင့်တောင်းခံထားကြသူတွေအနေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တဦး သီရိလင်္ကာက တမီး ၃ ဦးနဲ့ အီရန်နိုင်ငံသား ၁ ဦးတို့ဟာ ကမ္ဘောဒီးယား အခြေချ အစီအစဉ်ကို လက်ခံထားကြတဲ့ ပထမဦးဆုံး ဒုက္ခသည် ၅ ဦးတို့ ဖြစ်ကြပါတယ်။ ကမ္ဘောဒီးယားကို မသွားကြဖို့ ဖိအားပေးခံနေကြရတဲ့ ခိုလှုံခွင့်တောင်းခံသူတွေကိုလည်း ဒီလိုအပြုအမူမျိုးကို ဂရုမစိုက်ဖို့ ဝန်ကြီး Dutton က တိုက်တွန်းလိုက်ပါတယ်။

“ဒီလိုမြှောက်ပင့်လှုံ့ဆော်သူတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ရလာမယ့် အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံး မခံကြပါနဲ့။”

သြစတြေးလျအခြေစိုက် လူ့အခွင့်အရေးအုပ်စုဖြစ်တဲ့ ဒုက္ခသည်များ အရေးယူဆောင်ရွက်မှုဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ အဆိုအရတော့ ခိုလှုံခွင့်တောင်းခံသူတွေကို ကမ္ဘောဒီးယားမှာ အခြေချရင် ဒေါ်လာ ၇၈၀၀ ကနေ ဒေါ်လာ သောင်းတစ်ထောင် ၇၀၀ အထိ ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း သြစတြေးလျ လူဝန်မှုကြီးကြပ်ရေးဌာန အရာရှိတွေက ခိုလှုံခွင့်တောင်းခံခဲ့တဲ့ ဗီယက်နမ်နိုင်ငံသား ၄၆ ဦးတို့ကို စိစစ်ပြီး ပယ်ချခဲ့ပါတယ်။ သူတို့ဟာ ဗီယက်နမ်ကို ပြန်အပို့မခံရမီ သြစတြေးလျရေတပ်သင်္ဘောပေါ်မှာ နေထိုင်ခဲ့ကြရတာလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG