သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ကို သြစတြေးလျ ဒေါ်လာ ၂၄သန်းခွဲ ကူညီမည်


မြန်မာသမ္မတဦးသိန်းစိန်နဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ တွေ့ဆုံ။ (Credit to Ministry of Information, Myanmar)
မြန်မာသမ္မတဦးသိန်းစိန်နဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ တွေ့ဆုံ။ (Credit to Ministry of Information, Myanmar)

မြန်မာနိုင်ငံမှာ စီးပွါးရေးတိုးတက်လာစေဖို့ အထောက်အကူပေးတဲ့အနေနဲ့ သြစတြေးလျ အစိုးရက ဒေါ်လာငွေ ၂၄ သန်းခွဲ ပေးအပ်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံကို ၃ ရက်ကြာခရီးသွားရောက်ခဲ့တဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop ကပြောကြားလိုက်ပါတယ်။

ဒီပံ့ပိုးငွေတွေကို မြန်မာနိုင်ငံ ငွေကြေး စီမံခန့်ခွဲမှုစံနစ် ခေတ်မှီလာစေဖို့ ကမ္ဘာ့ဘဏ်ရဲ့ လုပ်ဆောင်မှုအတွက် ဒေါ်လာငွေ ၅သန်း၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် ဒေါ်လာငွေ ၉ သန်းနဲ့ စားနပ်ရိက္ခာပေးဝေမှု၊ ရေနဲ့သန့်ရှင်းမှုဆိုင်ရာတွေ၊ အရေးပေါ်လူသားချင်းစာနာမှု ဆိုင်ရာ လုပ်ငန်းတွေ အတွက် ဒေါ်လာငွေ ဆယ်သန်း ခွဲဝေပေးဖို့ဖြစ်ပါတယ်။

ဝန်ကြီး Bishop ဟာ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်နဲ့ မြန်မာအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အပြင် မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကြိုပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေးအတွက် သြစတြေးလျ တနိုင်ငံထဲသာမကပဲ အားလုံးက ဝိုင်းပြီး ထောက်ခံ ပံ့ပိုးပေးဖို့လိုအပ်တယ်လို့လည်း ဝန်ကြီး Bishop က ပြောကြားခဲ့ပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးရဲ့ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ဖို့အပြင် ပညာရေးနဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေမှာ ကူညီဆောင်ရွက်ဖို့ဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ နိုင်ငံဟာ သြစတြေးလျနိုင်ငံ ဖြစ်ကြောင်း လည်း ပြောကြားခဲ့ပါတယ်။


ဒါ့အပြင် သြစတြေးလျ တက္ကသိုလ်ကျောင်းသားတွေ ရှေ့နှစ်ကစပြီး မြန်မာနိုင်ငံမှာ လာရောက်ပညာသင်ကြားနိုင်ဖို့ လုပ်ဆောင်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG