သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ-မြန်မာ စစ်ဘက် ဆက်ဆံရေး အလားအလာ ဝေဖန်ခံရ


သြစတြေးလျ ဝန်ကြီးချုပ် Julia Gillard
သြစတြေးလျ ဝန်ကြီးချုပ် Julia Gillard
သြစတြေးလျနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပြန်စတင်နိုင်မယ့် အလားအလာနဲ့ပတ်သက်ပြီး ပြောဆိုခဲ့မှုကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဝေဖန် သွားပါတယ်။ မြန်မာစစ်တပ်ရဲ့ လက်ရှိ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ လုပ်ရပ်တွေကြောင့် အခုလို လာအိုနိုင်ငံမှာ အာရှ-ဥရောပ ထိပ်သီးညီလာခံသွား တက်တဲ့ သြစတြေးလျဝန်ကြီးချုပ် Julia Gillard က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အခုလို ဆွေးနွေးတာ မသင့်တော်ဘူးလို့လည်း သြစတြေးလျ အခြေစိုက် Burma Campaign အဖွဲ့က ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် Phil Mercer က ဆစ်ဒနီမြို့တော်ကနေ သတင်းပေးပို့ထားပါတယ်ရှင်။ မအေးသန္တာကျော် က ဆက်ပြောပြပေးပါမယ်။

ဒီပြောဆိုဆွေးနွေးမှုတွေဟာ သြစတြေးလျဝန်ကြီးချုပ်တဦးနဲ့ မြန်မာသမ္မတ တဦးကြားမှာ နှစ်ပေါင်း သုံးဆယ်နီးပါးအတွင်း ပထမဆုံး ဆွေးနွေးမှုတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီး ဖြစ်ပေါ်နေတာကို သြစတြေးလျနိုင်ငံအနေနဲ့ စိုးရိမ်မိပါကြောင်း လောနိုင်ငံမှာကျင်းပတဲ့ ASEM ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နေတဲ့ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလပ်ဂ်က ပြောသွားပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအတွက် ချီးကျူးကြောင်း ပြော သွားတာပါ။ ၂၀၁၂ ခုနှစ်၊ ဧပြီလမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံက လွှတ်တော် ကြားဖြတ် ရွေးကောက် ပွဲတွေကို သြစတြေးလျ အစိုးရက ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ၁၉၆၂ ခုနှစ်ကစလို့ ၂၀၁၁ ခုနှစ်အထိက မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေ အုပ်ချုပ်နေခဲ့ တာပါ။ မြန်မာနိုင်ငံရဲ့ အခုလို ဒီမိုကရေစီနည်းကျ လွတ်လပ်မှုတွေ ဆက်ပြီးတော့ ထွန်းကားလာတာနဲ့အမျှ သြစတြေးလျ အစိုးရ အနေနဲ့လည်း ကုန်သွယ်ရေးအရံအတားတွေကို ဆက်ပြီးတော့ လျှော့ချပေးသွားမယ်၊ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးသွားမယ်လို့ ကတိပြုသွားခဲ့ပါတယ်။ သြစတြေးလျနိုင်ငံ အခြေစိုက် ဘားမား ကမ်ပိန်းအဖွဲ့က ဇက်တီ ဘရိတ်ကာကတော့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုတွေ မြန်မြန်ဆန်ဆန် တိုးမြှင့်လုပ်ဆောင်မယ့်ကိစ္စကို သတိပေးနေတာပါ။

“တဘက်မှာကျတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပါတယ်။ အခုထက် ပိုကောင်းအောင် လုပ်ဆောင်ဖို့ လိုပါတယ်လို့ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလပ်ဂ် က ပြောနေပါတယ်။ ဒါပေမဲ့ နောက်တဘက်မှာကျတော့ အဲဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အများဆုံးလုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်အောင်လုပ်ဖို့ ဆိုပြီး ပြောနေတာပါ။ ဒါကြောင့် စိုးရိမ်စရာရှိပါတယ်။”

သြစတြေးလျအစိုးရက အခုလိုမျိုး မြန်မာအစိုးရအပေါ် ပိုပြီးတော့ နွေးထွေးမှု ရှိလာတာကနေ အခု ကျန်ရှိနေသေးတဲ့ တားဆီး ပိတ်ဆို့မှုတွေအားလုံးကို ဖယ်ရှားပေးလိုက်တာမျိုး ဖြစ်သွားမှာကို မြန်မာ့ အရေးဆောင်ရွက်သူတွေအားလုံးက စိတ်ပူနေကြတာ ဖြစ်ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ မြင်တွေ့နေရပေမဲ့လည်း လူနည်းစုတွေ အပေါ်မှာ မြန်မာစစ်တပ်က နှိပ်ကွပ်နေတာတွေကိ စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။ မစ္စ် ဘရိတ်ကာ ကပဲ-

“၂၀၁၁ ခုနှစ် မတ်လကတည်းကစပြီး တိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တိုးလာတာပဲ ရှိပါတယ်။ လျော့မသွားပါဘူး။ ဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုအပိုင်းမှာ တကယ်စိုးရိမ်စရာ အနေအထားမှာ ရှိနေပါသေးတယ်။”

အာရှ-ပစိဖိတ်ဒေသရဲ့ အကြီးကျယ်ဆုံး နိုင်ငံပေါင်းစုံ စစ်ရေးလေ့ကျင့်မှုကို မြန်မာနိုင်ငံက လေ့လာသူ အဖြစ် တက်ရောက်မယ့် ကိစ္စကို ထောက်ခံပါကြောင်း အရင်လကပဲ အမေရိကန်ပြည်ထောင်စု က ပြောသွားပါတယ်။ အခုလို အမေရိကန်က ထောက်ခံ လိုက်တာဟာ မြန်မာနိုင်ငံမှာ သြဇာ အကြီးဆုံးနဲ့ အင်အား အခိုင်မာဆုံးဖြစ်တဲ့ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ အတွက် အရေး သိပ်ကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ စစ်ရေးလေ့လာ အကဲခတ်တချို့က ပြောပါတယ်။ ဒါပေမဲ့ လည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာစစ်တပ်က တာဝန်ယူ ဖြေရှင်းတာမျိုး မရှိတဲ့အအပေါ်မှာ လူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်ကြောင်း ပြောကြပါတယ်။ မြန်မာ့ ဒီမိုကရေစီလှုပ်ရှားဖို့အတွက် အထင်ရှားဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သြစတြေးလျနိုင်ငံကို လာဖို့ ဖိတ်ခေါ်သလိုပဲ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလပ်ဂ် က မြန်မာသမ္မတ ဦးသိန်းစိန်ကို သြစတြေးလျကို လာရောက်ဖို့ ဖိတ်ခေါ်သွားပါတယ်။

သြစတြေးလျနိုင်ငံဟာ မြန်မာနိုင်ငံကို ကူညီထောက်ပံ့မှုတွေ အများဆုံး ပေးနေတဲ့ နိုင်ငံဖြစ်ပြီး ၂၀၁၅ ခုနှစ် ကိုရောက်ရင် သြစတြေးလျရဲ့ ကူညီထောက်ပံ့မှုက ဒေါ်လာ သန်း ၁၀၀ အထိ နှစ်ဆ ဖြစ်သွားမှာ ပါ။ မြန်မာနိုင်ငံက လူဦးရေ သန်းခြောက်ဆယ်ရဲ့ သုံးပုံတပုံက ဆင်းရဲနွမ်းပါးမှုအောက် မှာ နေနေကြရ တာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG