သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျသူနာပြု အကြမ်းဖက်သမား အားပေးကူညီမှုနဲ့ တရားစွဲခံရ


သြစတြေးလျဝန်ကြီချုပ် Tony Abbott
သြစတြေးလျဝန်ကြီချုပ် Tony Abbott

ဆီးရီးယားနိုင်ငံအတွင်းက IS အစွန်းရောက်အကြမ်းဖက်သမားတွေကို အားပေးကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သြစတေးလျအမျိုးသား သူနာပြုတဦးကို အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့အမှုနဲ့ တရားစွဲဆို ခံထားရပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းကို အားပေးကူညီမှုဆိုတဲ့စွဲချက်အပြင် တိုင်းတပါးကအကြမ်းဖက်လုပ်ရပ်တွေနဲ့ ချိတ်ဆက်နိုင်အောင် လူတဦးကို အားပေးကူညီရန်ကြံစည်မှု စွဲချက်တွေနဲ့လည်း တနင်္ဂနွေနေ့တုန်းက မဲလ်ဘုန်းတရားရုံးကနေ Adam Brookman ကို စွဲချက်တင်ထားတာပါ။

ဆီးရီးယားနိုင်ငံကိုသွားခဲ့ပြီးတဲ့နောက် ဒီသီတင်းပတ်အစောပိုင်းတုန်းက တူရကီနိုင်ငံမှာလာပြီး လက်နက်ချ အဖမ်းခံခဲ့တဲ့ အသက် ၃၉ နှစ်အရွယ် Brookman ဟာ တူရကီနိုင်ငံကနေ သောကြာနေ့တုန်းက သြစတေးလျကို ပြန်ရောက်လာတာပါ။ ကလေးငါးယောက်အဖေလည်းဖြစ်တဲ့ Brookman ဟာ လူသားချင်းကူညီမှု အစီအစဉ်အချို့နဲ့ဆီးရီးယားကို သွားရောက်ခဲ့တာဖြစ်တယ်လို့ သြစတြေးလျသတင်းဌာနတွေကို ပြောပါတယ်။

ဆီးရီးယားမှာ ဒဏ်ရရခဲ့ပြီးတဲ့နောက် အကြမ်းဖက်အဖွဲ့နဲ့ပူးပေါင်းဖို့ ဖိအားပေးခိုင်းစေခံခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ကို လာမယ့်တနင်္လာနေ့မှာ မဲလ်ဘုန်းမြို့ကတရားရုံးမှာ နောက်တကြိမ်ရုံးထုတ်ပါလိမ့်မယ်။

IS အပြင် အခြားအကြမ်းဖက်အုပ်စုတွေနဲ့ပူးပေါင်းတိုက်ဖို့ အရှေ့အလယ်ပိုင်းကို သူ့နိုင်ငံသားတွေ ခရီးသွားခဲ့ပြီးတဲ့နောက် ပြည်တွင်းမှာ ကြီးထွားလာနေတဲ့ စစ်သွေးကြွတွေအရေးအတွက် သြစတေးလျ နိုင်ငံတွင်း သတိကြီးကြီးထားနေရပါတယ်။ အကြမ်းဖက်နှိမ်နှင်းရေးအတွက် ဝင်ရောက်စီးနင်းမှုတွေကို လည်း ရဲဘက်က နိုင်ငံတဝှမ်းပြုလုပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် Tony Abbot ကလည်း အမျိုးသားလုံခြုံရေးဥပဒေတွေကို ပိုမိုပြဌာန်းဖို့ တိုက်တွန်းနေပါတယ်။ ဒီဥပဒေထဲက သြစတြေးလျနိုင်ငံသားတွေ နှစ်နိုင်ငံ နိုင်ငံသားခံယူထားတဲ့ကိစ္စကို ပျက်ပြယ်စေမယ့် အချက်ကိုလည်း သူကထောက်ခံထားပါတယ်။

XS
SM
MD
LG