သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တင်းကျပ်တဲ့ ခိုလှုံခွင့် ဥပဒေ သြစတြီးယား ပြဌာန်း


သြစတြီးယားဘက်ကို သြစတြီးယားနဲ့ ဟန်ဂေရီ နယ်စပ်ဖြတ်ကျော်လာနေတဲ့ ရွှေ့ပြောင်းဒုက္ခသည်များ။
သြစတြီးယားဘက်ကို သြစတြီးယားနဲ့ ဟန်ဂေရီ နယ်စပ်ဖြတ်ကျော်လာနေတဲ့ ရွှေ့ပြောင်းဒုက္ခသည်များ။

ဒုက္ခသည်ပြဿနာ နဲ့ ရင်ဆိုင်နေရတာကို တုံ့ပြန်တဲ့ အနေနဲ့ ခိုလှုံခွင့်ရဖို့ ကြိုးစားသူတွေ အတွက် ဥရောပတိုက်မှာ အတင်းကျပ်ဆုံး ဥပဒေတရပ်ကို သြစတြီးယား လွှတ်တော်က ကြာသပတေးနေ့မှာ အတည်ပြုပြဌာန်းလိုက်ပါတယ်။

ထောက်ခံမဲ ၉၈ မဲ ကန့်ကွက်မဲ ၆၇ မဲနဲ့ လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေအရ ရွှေ့ပြောင်း ဝင်ရောက်သူ အရေအတွက် ရုတ်တရက် တိုးလာတယ်ဆိုရင် အစိုးရက အရေးပေါ်အခြေအနေ ကြေညာခွင့်ရှိမှာ ဖြစ်ပါတယ်။ ဆီးရီးယားလို စစ်ဖြစ်နေတဲ့ နိုင်ငံတွေက ထွက်ပြေးလာသူတွေ အပါအဝင် ခိုလှုံခွင့်ရဖို့ ကြိုးစားကြတဲ့သူတွေကိုလည်း နယ်စပ်မှာပဲ ပြန်နှင်ထုတ်ဖို့ ဥပဒေသစ်မှာ ထည့်သွင်းထားပါတယ်။

ဥပဒေသစ်အရ သြစတြီးယားနိုင်ငံမှာ နေထိုင်နေကြတဲ့ မိသားစုတွေ နဲ့ ပြန်လည်ပေါင်းစည်းလိုတဲ့ မိသားစုဝင်တွေ အနေနဲ့လည်း အရင်ထက် ပိုပြီး ခက်ခဲသွားမှာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂ (EU) ထဲက တခြားအဖွဲ့ဝင်တော်တော်များများ အနေနဲ့ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာနေတာကို ဟန့်တားဖို့ ပျက်ကွက်ခဲ့တာကြောင့် သြစတြီးယားအနေနဲ့ တခြားရွေးစရာ လမ်းမရှိဘူးလို့လည်း ပြည်ထဲရေးဝန်ကြီး Wolfgang Sobotka ကပြောပါတယ်။ တကမ္ဘာလုံးက ဝန်ထုတ်ဝန်ပိုးကို မထမ်းနိုင်ဘူး လို့လည်း ပြောဆိုခဲ့တာပါ။

အတိုက်အခံတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဥပဒေသစ် ကို ဝေဖန်ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ထဲ သြစတြီးယားနိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားသူ ၉ သောင်းအထိ ရှိခဲ့ပြီး၊ EU ထဲမှာ ခိုလှုံခွင့်ရဖို့ ကြိုးပမ်းမှုနှုန်း ဒုတိယအများဆုံးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG