သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗလီမီးလောင်မှုအတွက် တာဝန်ရှိသူအရေးယူမည်


ရန်ကုန်ဗလီမီးလောင်မှုအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ဈာပနအခမ်းအနား။ (၂ ဧပြီလ ၂၀၁၃)
ရန်ကုန်ဗလီမီးလောင်မှုအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ဈာပနအခမ်းအနား။ (၂ ဧပြီလ ၂၀၁၃)
ဒီနေ့မနက် ၃ နာရီလောက်က ရန်ကုန် ၄၈ လမ်း မှာရှိတဲ့ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတခုမှာ မီးလောင်မှုကြောင့် ကလေး ၁၃ ဦးကျော် သေဆုံးခဲ့တဲ့ အတွက် ပေါ့ဆမှုနဲ့ ဗလီကျောင်း တာဝန်ရှိသူတွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ မကြာသေးခင်တုန်းက အစ္စလာမ် ဘာသာဝင်တွေအပေါ် တိုက်ခိုက်မှုတွေကြောင့် တင်းမာမှုတွေ ရှိနေချိန်မှာ နောက်ဆက်တွဲ ပြဿနာတွေ မပေါ်အောင်လည်း ကြိုးပမ်းနေကြတဲ့အကြောင်း ဒီကနေ့ ရန်ကုန်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုုပ်က ပြောခဲ့တာပါ။

အပြည့်အစုံကိုတော့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အစ္စလာမ် ဘာသာရေး စာသင်ကျောင်း တခုမှာ ကလေးငယ် ၁၃ ယောက်အထိ သေဆုံးခဲ့ရတဲ့ မီးလောင်ကျွမ်းမှုဟာ ဗလီကျောင်း တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုတွေကြောင့်လို့ ရန်ကုန်တိုင်း အစိုးရ တာဝန်ရှိသူတွေက ပြော လိုက်ပါတယ်။

မီးလောင်မှု ဖြစ်ပွားချိန်က သေဆုံးသူ မူဆလင် စာသင်သားတွေရှိရာ ဝင်ပေါက်တွေ မှာ သော့တွေ ခတ်ထားတဲ့အတွက် ဘေးလွတ်ရာ မပြေးနိုင်ဘဲ ဖြစ်ခဲ့ရတာလို့ ရန်ကုန်တိုင်း ဒေသကြီးရဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။

“ဒီကျောင်းရဲ့ အားနည်းချက်ကတော့ တံခါးတွေ အလုံပိတ်ထားတာ။ တံခါးတွေ အလုံ ပိတ်ထားပြီးတော့မှ ကျနော်တို့ ဒီ ဖြစ်တဲ့အချိန်တုန်းက ဆိုရင် သော့နှစ်ထပ် အပို ခတ်ထားတယ်။ သော့နဲ့ခတ်ထား တယ်။ သော့နှစ်ထပ်ဆိုတာကတော့ ဒီ သော့ပိတ် တဲ့နေရာမှာပဲ သော့ နှစ်လုံး တွဲခတ်ထားတာ။ သော့နှစ်လုံး တွဲခတ် ထားပြီးတော့ သူ့ရဲ့ ပတ်ပတ်လည် ပြတင်းပေါက်တွေမှာ မြေညီထပ်က ပြတင်း
ပေါက်တွေမှာပါ သံတိုင်တွေနဲ့ ဖွင့်လို့မရအောင် သူက အကုန်ပိတ်ထားတာ။”

မကြာသေးခင်တုန်းက မြန်မာနိုင်ငံ နေရာ အတော်များများမှာ အစ္စလာမ် ဘာသာဝင်တွေအပေါ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာက စိုးရိမ်မှုတွေ ရှိနေချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဗလီကျောင်းတခု မီးလောင်ကျွမ်းခဲ့တဲ့အတွက်လည်း သံသယတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့လည်း မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကတော့ မတော်တဆမှုကြောင့်
ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ က အခုလို ပြောခဲ့ပါတယ်။

“မီးအားမြှင့်စက်ကနေ မီးလောင်တဲ့ဟာ ဘယ်သူ့မှာ တာဝန်ရှိမလဲဆိုရင် ဒီမှာ စောင့်တဲ့ သူမှာ တာဝန်ရှိပါတယ်။ စောင့်တဲ့သူရဲ့ တာဝန်ဖြစ်တဲ့အတွက် စောင့်တဲ့သူကို ဒီမှာ မီးပျက်လို့ရှိရင် ဘာလုပ်မလဲလို့ မေးတဲ့အခါကျတော့ မီးစက်အပိုတလုံး ရှေ့မှာ ထားတယ်။ အဲ့တော့ မီးစက်သုံးတဲ့အတွက် ဘာပဲပြောပြော စက်သုံးဆီ၊ ဒီဇယ်သုံးရင် ဒီဇယ်ဆီ နည်းနည်းရှိတယ်။ ဒါကတော့ ကျနော်တို့ အရင်ဆုံး ရဲမှူးကြီးတို့ အကုန်
ရောက်တဲ့အချိန်မှာ ဒါတွေလည်း မတွေ့ပါဘူး။ မတွေ့တဲ့အတွက် နောက်ပိုင်းတော့
ကောလဟာလတွေပေါ့ အဲ့ဒါတွေ ရှိပါတယ်တို့၊ ဘာတို့ ဒီတာဝန်ရှိသူတွေ စစ်ဆေးတဲ့ အချိန်မှာ ဒါတွေ မတွေ့ဘူး။”

တချိန်တည်းမှာပဲ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိ ရဲတွေဟာ ဘာသာရေး ကွဲပြားမှုကို အခြေခံပြီး ဆူပူမှုတွေ ထပ်မဖြစ်အောင် ထိန်းသိမ်းနေပြီး မကြာသေးခင်တုန်းက မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ခဲ့သူတွေကိုလည်း အရေးယူ နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ရန်ကုန်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ရဲမှူးကြီး ဝင်းနိုင် က ပြောပါတယ်။

မီးလောင်ကျွမ်းမှုက လွတ်မြောက်လာတဲ့ မူဆလင် ကလေး ၅၀ ကျော်ကိုတော့ အခုအခါ မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းက ဗလီတခုမှာ ယာယီ ရွှေ့ပြောင်းထားပြီးတော့ သူတို့အနေနဲ့ ထိခိုက်ဒဏ်ရာတွေ အပြင်းအထန် မရခဲ့ဘူးလို့ ဗိုလ်တထောင်မြို့နယ် ကြက်ခြေနီ တပ်ရင်းက ရေးထောက် ကိုဉာဏ်မြင့် က ပြောပါတယ်။

“ကျနော်တို့ ကန်တော်လေးက ဗလီတခုကို ပို့ထားတယ်ပေါ့နော်။ ၁၀၁ လမ်းထိပ်က ဗလီနားက အဆောက်အဦးတခုမှာ ပို့ထားပါတယ်။ တငွေ့ငွေ့ လောင်တာပေါ့နော်။ ဝုန်းကနဲဆိုပြီး လောင်တာမျိုးတော့ မဟုတ်ဘူး။ သူက ဝါယာရှော့ကနေမှတဆင့် ကျွန်းသားတွေကို ကူးစက်ပြီးတော့ မီးက တငွေ့ငွေ့နဲ့ လောင်ပြီးတော့ မီးခိုးငွေ့တွေများတာပေါ့။ အဲ့ဒီ များတဲ့အပေါ်မှာမှ ကလေးတွေက မီးခိုးငွေ့တွေနဲ့ ပိတ်မိပြီးတော့ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးရတာပေါ့နော် ဒီ ၁၃ ယောက်စလုံးက။ ဒီ ၁၃ ယောက်စလုံးကလည်း သူတို့က ထပ်ခိုးလေးပေါ်မှာ အိပ်ကြရတာကိုး။ နောက်တခု သူတို့ အသက်မရှင်ရတဲ့ အကြောင်းရင်းက ဘာလဲဆိုတော့ သူတို့ ပြေးဆင်းရမယ့် လမ်းမှာ မီးက လောင်တာဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့တွေကို အခန်းထဲမှာ ဂျောင်ပိတ်မိနေသလို ဖြစ်သွားတယ်။ အပြင်ကနေလည်း ထွက်စရာ လမ်းက မရှိတော့ဘူးပေါ့နော်။”

အင်္ဂါနေ့ အစောပိုင်းက မီးလောင် ကျွမ်းမှုအတွင်း သေဆုံးသွားသူ မူဆလင်ကလေးငယ် ၁၃ ဦးရဲ့ ဈာပန အခမ်းအနားကိုတော့ ရေဝေး သုဿန်မှာ ဒီကနေ့ပဲ ကျင်းပခဲ့တာ လည်း ဖြစ်ပါတယ်။
XS
SM
MD
LG