သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်အနှံ့ မိုးသည်းထန်ရေကြီး


ပဲခူးတိုင်း၊ ပဲခူးမြို့ မြေနိမ့်ပိုင်းမှာ လူနေရပ်ကွက်နဲ့ လူသွားလမ်းတွေ ရေကျော်နေတဲ့အခြေအနေ။ (သြဂတ် ၄၊ ၂၀၁၃၄)
ပဲခူးတိုင်း၊ ပဲခူးမြို့ မြေနိမ့်ပိုင်းမှာ လူနေရပ်ကွက်နဲ့ လူသွားလမ်းတွေ ရေကျော်နေတဲ့အခြေအနေ။ (သြဂတ် ၄၊ ၂၀၁၃၄)

မြန်မာနိုင်ငံတွင်းက တိုင်းဒေသကြီးတချို့မှာ ဒီသီတင်းပတ်တွင်း မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းတဲ့အတွက် နေအိမ်တွေနဲ့ကားလမ်းတွေမှာ ရေကြီးရေလျှံနေပါတယ်။ ရေဘေး ဒဏ်ကြောင့် လယ်ယာဧကစိုက်ပျိုးမြေတွေ ရေနစ်မြုပ်ကုန်မှာကိုလည်း စိုးရိမ်နေကြပါ တယ်။ မြန်မာနိုင်ငံတဝှမ်း မြစ်ရေကြီးပြီး စိုးရိမ်ရေမှတ် ကျော်လွန်လာနိုင်ခြေရှိတဲ့အတွက် လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အရေးပေါ်သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

သြဂုတ်လဆန်းပိုင်းကစလို့ ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံတဝှမ်း ဧရာဝတီတိုင်း၊ ရန်ကုန် တိုင်း၊ ပဲခူးတိုင်းဘက်တွေမှာ နေ့စဉ်ရက်ဆက်ဆိုသလို မိုးအဆက်မပြတ် ရွာသွန်းတဲ့ အတွက် မြစ်ရေကြီးလာနေပါတယ်။ မြေအနိမ့်ပိုင်းဒေသတွေက လူနေအိမ်ခြေတွေ ရေ နစ်မြုပ်နေပြီး စိုက်ပျိုးမြေဧက တော်တော်များများ လည်း ရေလွှမ်းမိုးနေတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

မိုးဆက်တိုက်ရွာသွန်းတဲ့အတွက် ဧရာဝတီတိုင်း လေးမျက်နှာဘက်မှာလည်း ရိတ်သိမ်းခါနီး စိုက်ပျိုးမြေတွေကို ရေလွှမ်းမိုးမှုရှိနေတဲ့အတွက် လယ်သမားတွေ စိုးရိမ်တဲ့အနေအထားကို လယ်သမားကိုစိုးခိုင်က ပြောပြပါတယ်။

“ကျနော်တို့ ဧရာဝတီတိုင်းက လက်ရှိ မိုးရေလောက်နဲ့ကို လူနေအိမ်ခြေတွေ ဒုက္ခရောက်လောက်တဲ့အနေအထား မကျသေးဘူး။ လယ်တွေကတော့ နိမ့်တာတွေကတော့ တချို့ဟာတွေ မြုပ်စပြုနေတယ်။ ဒီဘက်မှာဆိုရင်တော့ လေးရက်လောက်ကို ဆက်တိုက်ရွာသွားတယ်။ အဲဒါကြောင့်ကို ဆိုးဆိုးဝါးဝါး ဖြစ်သွားတာ။”

ပဲခူးတိုင်း ပြည်မြို့ဘက်မှာ နေအိမ်တချို့ရေနစ်မြုပ်သလို ရေမြောင်းတွေပိတ်ဆို့ပြီး ရေမဆင်းတဲ့အတွက် ကားလမ်းတွေပေါ်မှာ ရေလွှမ်းမိုးနေတဲ့အကြောင်း ပဲခူးတိုင်း ပြည်မြို့က ကိုဇော်ထက်ဝင်းက ပြောပြပါတယ်။

“မိုးက အခုတလော တော်တော်များပါတယ်။ မနေ့ကဆိုလို့ရှိရင် တော်တော်ရွာတယ်။ ဒီနေ့လည်း ရွာပါတယ်။ မိုးရွာလို့ရှိရင်တော့ ကံကျောင်းလမ်းတို့ ဘာတို့ မြုပ်တာပေါ့နော်။ ရွှေလက်လှရပ်ကွက်တို့ ဘာတို့ဆိုလည်း မြုပ်တာပါပဲ။ မိုးကကောင်းတော့လေ၊ အဲဒီနေရာတွေဆိုရင် ဒူးခေါင်းကျော်ကျော်လောက်အထိကို မြုပ်တယ်။ ရေမြောင်းတွေက အကုန်ပိတ်နေတာ။ တော်တော်များများ ပိတ်တယ်။ မြင့်တဲ့နေရာလောက်ပဲ အဆင်ပြေတယ်။ ကျန်တာဆိုလို့ရှိရင် ရေမြောင်းက မစီးဘူး၊ ပိတ်တယ်။ တချို့နေရာတွေ ရေမြောင်းမရှိဘူး။”

ဧရာဝတီတိုင်း ပန်းတနော် ချောင်းလေးစု ကျွန်းတောစုက လယ်သမားဦးမြင့်လွင်ကလည်း အခုရက်ပိုင်းတွေအတွင်း မိုးသည်းသည်းထန်ထန် ရွာသွန်းတဲ့အတွက် လယ်ယာမြေတော်တော်များများ ရေနစ်မြုပ်ကုန်တဲ့အကြောင်း ပြောပြပါတယ်။

“ဒီရက်ထဲမှာတော့ မိုးများတော့ ရေနည်းနည်းများတာပေါ့အမရဲ့၊ ကမ်းတိုက်ပဲရှိသေးတယ်။ ကွင်းရေကတော့ မိုးများတော့ ရေနည်းနည်းများတယ်။ မိုးရေကြီးတာ ဆယ်ရက်လောက်တော့ ရှိပြီ။ ဒီရက်ထဲ မိုးတအားသွန်တော့- ကွင်းရေကတော့ မိုးများပြီး ရေထွက်ပေါက်ကနည်းတယ်။ အတော်လေးရွာတယ်၊ နေ့ရော ညရော ရွာတယ်။ ကွင်းသမားတွေကျတော့ ရထားလမ်း၊ ကားလမ်းတွေက ကျင်းမြောင်းကမနိုင်တော့ ရေအယ်တာပေါ့။”

ပဲခူးမြို့ပေါ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး မိုးမရပ်ရင်တော့ နေအိမ်တွေရေနစ်မြုပ်တဲ့အနေအထားဖြစ်လာနိုင်တယ်လို့ ပဲခူးမြို့ခံတစ်ဦးကလည်း ပြောပါတယ်။ အခုလို မြန်မာနိုင်ငံတဝှမ်း မိုးများပြီး ရေကြီးရေလျှံဖြစ်နေတဲ့အပေါ် ဒေသခံပြည်သူတွေက စိုးရိမ်မှုတွေရှိနေချိန်မှာပဲ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနဘက်ကလည်း ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်ဖို့ မိုးလေဝသသတိပေးကြေညာချက်တွေကို အရေးပေါ် ထုတ်လွှင့်ပေးနေတယ်လို့ ဆိုပါတယ်။

စိုးရိမ်ရေမှတ်ကျော်လွန်နိုင်တဲ့ မြစ်ရေကြီးမှုတွေကို အချိန်နဲ့တပြေးညီ ကြေညာပေးနေသလို မိုးရေချိန်မြင့်လာနေတဲ့အပေါ်လည်း မိုးကြီးနိုင်တာတွေကို သတိပေးနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Har Yin Naing Ti Yan က ပြောပါတယ်။

“မိုးလေဝသနဲ့ ဇလဗေဒဌာနအနေနဲ့ကတော့ မြစ်ရေတိုင်း စခန်းရှိတဲ့နေရာတွေ ဥပမာ ဧရာဝတီမြစ်တလျှောက်၊ ချင်းတွင်းမြစ်တလျှောက်၊ နောက် သံလွင် ဆိုရင်တော့ ဖားအံမှာပေါ့နော်။ မြစ်ရေချိန်ရှိတဲ့နေရာတွေ၊ နောက် ရွှေကျင်၊ ပဲခူး စသဖြင့် အဲဒီမြစ်တွေမှာ ကျမတို့က case တပ်ထားတဲ့ အခါကျတော့ ဒီ case ရဲ့ သတင်းပေးပို့ချက်အရပေါ့နော်။ ကာကွယ်ရေး ဘာညာကတော့ ကျမတို့ကတော့ warning provider ပေါ့နော်-

အဲဒါပေးတယ်။ နောက် တခြား evacuate တို့၊ တခြား ပံ့ပိုးတာတို့ကျတော့ သက်ဆိုင်ရာက တဆင့်တဆင့် သွားတာပေါ့နော်။ ကျမတို့က အဓိက-ကတော့ early warning ပေးတာပါ။ နောက် ဒီနေ့ ထုတ်တာဆိုရင်တော့ ရွှေကျင်မြစ်မှာလည်း နောက်ထပ် ၄၈ နာရီအတွင်းမှာ စိုးရိမ်ရေအမှတ် ကျော်နိုင်တယ်ဆိုတာ ကျမတို့ ထုတ်ပြန်ပါတယ်။ ရွှေကျင်မြစ်မှာပါ၊ ရွှေကျင်မြစ်။ နောက် ငသိုင်းချောင်းမှာလည်း လက်ရှိမှာတော့ စိုးရိမ်ရေအမှတ် အထက်မှာ ရှိပါတယ်။ လက်ရှိမှာ သုံးနေရာမှာတော့ ရှိပါတယ်။”

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအပြင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဘက်တွေမှာလည်း မိုးရေချိန်မြင့်တက်လာနိုင်တဲ့အတွက် မြေနိမ့်ပိုင်းတွေ ရေနစ်မြုပ်နိုင်သလို ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်လာနိုင်တဲ့အတွက် ရေဘေးဒုက္ခကြုံလာရနိုင်တဲ့ ပြည်သူတွေ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးဖို့ကိုလည်း အာဏာပိုင်တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG