သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ လာမည်


၂၀၁၂ ခုနှစ်၊ ဧပြီလခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်။
၂၀၁၂ ခုနှစ်၊ ဧပြီလခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန် ကီမွန်းဟာ လာမယ့် တနင်္လာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံဆီ လာရောက်မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က သောကြာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ကြေညာသွားပါတယ်။

နေပြည်တော်မှာကျင်းပမယ့် ကုလသမဂ္ဂနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN အကြား အစည်းအဝေးနဲ့ ၉ ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးတို့ကို မစ္စတာဘန် တက်ရောက်မှာပါ။

ထိပ်သီးအစည်းအဝေးတွေပြင်ပမှာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို မြန်မာအစိုးရအဖွဲ့ အကြီးတန်း တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးပါမယ်။

ကုလသမဂ္ဂက ရိုဟင်ဂျာလို့ခေါ်ဆိုတဲ့ လူနည်းစုတွေရဲ့ အရေးကိစ္စနဲ့ပတ်သက်ပြီး အတွင်းရေးမှူးချုပ်အနေနဲ့ ပြောဆိုဆွေးနွေးဖို့ ရှိသလားလို့ သတင်းထောက်တွေက မေးကြပါတယ်။ ကုလအတွင်းရေးမှူးချုပ်ဟာ မြန်မာ သမ္မတနဲ့ အစိုးရအဖွဲ့ တခြားတာဝန်ရှိသူတွေနဲ့ သီးခြားတွေ့ဆုံဖို့ ရှိသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ရှိကြောင်း၊ ဒါကြောင့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေဟာ ဆွေးနွေးမယ့် အစီအစဉ်ထဲ သေချာပေါက် ပါဝင်မှာဖြစ်ကြောင်း ပြောခွင့်ရက ပြန်ဖြေပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပချိန်မှာ သီးခြားလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေး ပွဲအတွင်း ရခိုင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ နေထိုင်နေရတဲ့ စခန်းတွေဟာ ဘေးကင်းလုံခြုံမှု မရှိသလို ခိုင်မာမှုလည်းမရှိဘူးလို့ အတွင်းရေးမှူးချုပ်က ပြောထားဖူးပါတယ်။ မူစလင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်ပြီးတော့ ဒါဟာ ဆွေးနွေးပွဲတွေမှာပါဝင်မယ်လို့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ ပြောခွင့်ရက ပြောသွားပါတယ်။

မြန်မာနိုင်ငံကအပြန်မှာတော့ သြစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့မှာကျင်းပမယ့် ကမ္ဘာ့ စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ (G-20) ထိပ်သီးအစည်းအဝေးကို အတွင်းရေးမှူးချုပ် တက်ရောက်မှာဖြစ်ပါတယ်။

XS
SM
MD
LG