သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို ကုလအတွင်းရေးမှူးချုပ် တယ်လီဖုန်းဆက် ချီးကျူး


မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၈ ရက် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရလိုက်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အင်္ဂါနေ့မှာ တယ်လီဖုန်းနဲ့ ချီးကျူးဂုဏ်ပြုလိုက်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေမှာ ကုလသမဂ္ဂအနေနဲ့ ဆက်လက် ပံ့ပိုးပေးသွားမယ်လို့ ပြောလိုက်ပါတယ်။

သူမအနေနဲ့ မဆုတ်မနစ် ဇွဲရှိရှိနဲ့ တိုက်ပွဲဝင်လာတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးရဲ့ အသီးအပွင့်ကို အခုချိန်မှာ မြင်တွေ့ရပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး လူမျိုးစုပေါင်းစုံနဲ့ ဘာသာပေါင်းစုံကလူတွေ သဟဇာတ မျှတစွာ လက်တွဲ ဆောင်ရွက်နိုင်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် ရွေးကောက်ပွဲက အဆုံးအဖြတ် ပေးလိုက်ပြီဖြစ်ကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ အပါအဝင် လူနဲစု ဘာသာဝင်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အပါအဝင် သက်ဆိုင်သူ အားလုံး ပါဝင်နိုင်တဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အရေးကြီးကြောင်း ဘန်ကီမွန်းက အလေးထား ပြောဆိုပါတယ်။

ရွေးကောက်ပွဲ ကာလအတွင်း NLD ပါတီကို ထောက်ခံသူတွေအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း မဲပေးကြဖို့၊ ရွေးကောက်ပွဲရလဒ်ကို ဂုဏ်သရေရှိစွာ လက်ခံကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာကို ကြည့်ခြင်းအားဖြင့် သူမဟာ တိုင်းပြည်ခေါင်းဆောင်ကောင်း ပီသတယ်ဆိုတာ ပြသရာရောက်တယ်လို့ ဘန်ကီမွန်းက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်နေတဲ့အချိန် မြန်မာနိုင်ငံရဲ့ မိတ်ဆွေတဦးအနေနဲ့ ကုလသမဂ္ဂက အသွင်ကူးပြောင်းရေး ဖြစ်စဉ်တွေကို ဆက်လက် ကူညီ ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ သမိုင်းဝင် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ထူးခြားတဲ့ အောင်မြင်မှုတခု ဖြစ်တယ်လို့ဆိုပြီး ခုလိုအခြေအနေ အထိရောက်အောင် ပြုပြင်ပြောင်းလဲမှုတွေကို သတ္တိရှိစွာ ဦးဆောင်ကြိုးပမ်းခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့က အသိအမှတ်ပြုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ အများစု အနိုင်ရရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ပွဲ အောင်မြင် ချောမွေ့စွာ ကျင်းပပေးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်တို့ကို အမေရိကန် သမ္မတ Barack Obama က နိုဝင်ဘာလ ၁၂ ရက်နေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ဂုဏ်ပြုစကားပြောကြားခဲ့သလို၊ တခြား ဥရောပနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကလည်း ချီးကျူးခဲ့ကြပါတယ်။

XS
SM
MD
LG