သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်ကိစ္စ OIC ကို ဘန်ကီမွန်းသတိပေး


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်တွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ထိခိုက်စေနိုင်သလို ဒေသတွင်းကိုပါ ရိုက်ခတ်လာမှာ စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က သတိပေး လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်လူမျိုးတွေနဲ့ မူစလင်တွေကြား လူပေါင်း ၈၈ ယောက်အထိ သေဆုံးပြီး ၇ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာသမ္မတ ဦးသိန်းစိန်၊ အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) အကြီးအကဲတို့နဲ့ သီးခြား တွေ့ဆုံချိန်မှာ အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်တာပါ။

အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံ ပါဝင်တဲ့ OIC ရဲ့ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu နဲ့ တွေ့ဆုံချိန်မှာတော့ ရခိုင်ပြည်နယ်မှာ ကြုံခဲ့ရတဲ့ ပြဿနာတွေကို ကူညီ ဖြေရှင်းရာမှာ သတိကြီးကြီးထား ကိုင်တွယ်ဖို့နဲ့ ဒီလိုမှ မဟုတ်ရင် သက်တမ်း နုနယ်သေးတဲ့ မြန်မာနိုင်ငံ က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ထိခိုက်မယ့် အဖြစ်မျိုးတွေ ကြုံရနိုင်တယ်လို့ အတွင်းရေးမှူးချုပ်က သတိပေးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် ကတော့ ရေရှည်ပြေလည်မှု ရစေမယ့် နည်းလမ်းတွေကို ရှာဖွေသွားမယ့် အကြောင်း စနေနေ့က တွေ့ဆုံစဉ် အတွင်းရေးမှူးချုပ်ကို ပြောဆိုခဲ့တာပါ။ အစိုးရရဲ့ အကြီးအကဲအဖြစ် ကုလသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ၊ လူမှုရေး၊ စီးပွားရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေကို ဆွေးနွေးရာမှာ မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ ကိစ္စကိုလည်း ထည့်သွင်း ပြောဆိုသွားပါတယ်။
XS
SM
MD
LG