သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအရေး အာရှရဲ့အရေးကြီးမှုတခုဟု ဘန်ကီမွန်းထောက်ပြ


အာရှဒေသတွင်း အရေးတကြီး ကိုင်တွယ်ရမယ့် ကိစ္စတွေထဲမှာ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ တချက်အပါအဝင် ဖြစ်တယ်လို့ အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက နေပြည်တော်မှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း မူဆလင် လူနည်းစုတွေ ကိစ္စမှာ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ကိုင်တွယ် ဆောင်ရွက်ဖို့ မစ္စတာဘန်ကီမွန်းက တိုက်တွန်းသွားပါတယ်။ သူ့ရဲ့ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က ကောက်နှုတ် တင်ပြထားပါတယ်။

လက်ရှိမြန်မာအစိုးရက လုပ်ဆောင်နေတဲ့ မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုဟာ အဆုံးအဖြတ် ပေးရမယ့် အချိန်ကို ရောက်နေပြီလို့ နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံ အဖွင့်နေ့ ဒီကနေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။
“ရှေ့နှစ် ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အားလုံးပါဝင်ခွင့်ရပြီး ပွင့်လင်းမြင်သာမှု ရှိဖို့လိုကြောင်း၊ ဒီမိုကရေစီ ပြောင်းလဲရေးကို အဆုံးအဖြတ် ပေးနိုင်မယ့် အရေးပါလှတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်း” မစ္စတာဘန်ကီမွန်းက ပြောကြားသွားတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ ဒီကနေ့မှာ မြန်မာဒုသမ္မတ အပါအဝင် အစိုးရအဆင့်မြင့် အရာရှိကြီးတွေနဲ့ တွေ့ဆုံဆွေးနွေး့ပြီး ရခိုင်အရေးနဲ့ ပတ်သက်လို့လည်း တိုက်တွန်း ပြောကြားသွားပါတယ်။
“မြန်မာအစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို စိတ်အားထက်သန်စွာနဲ့ ပြီးမြောက်အောင် လုပ်ဆောင်စေချင်ကြောင်း၊ ရခိုင်ပြည်နယ်မှာ ခွဲခြားဆက်ဆံခံနေရတဲ့ ရိုဟင်ဂျာတွေ အကြမ်းဖက်မှုနဲ့ ရင်ဆိုင်နေရတာကို သူ့အနေနဲ့ စိုးရိမ်ကြောင်း” မစ္စတာဘန်ကီမွန်းက ပြောသွားတာပါ။

လူနည်းစု ရိုဟင်ဂျာတွေကို နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်တွေမှာ မြန်မာနိုင်ငံရဲ့ ဥပဒေတွေအတိုင်း ဆောင်ရွက်နေတာ မှန်ပေမဲ့ နိုင်ငံတကာရဲ့ စံချိန်စံနှုန်းတွေနဲ့အညီ လုပ်ဆောင်ဖို့ လိုကြောင်းလည်း မစ္စတာဘန်ကီမွန်းက ဒုသမ္မတနဲ့ အဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။ ရိုဟင်ဂျာ လူနည်းစုတွေကို လူသားချင်းစာနာမှု အထောက်အကူ ရရှိစေဖို့နဲ့ အခြေခံ လူ့အခွင့်အရေးတွေပေးဖို့ မြန်မာခေါင်းဆောင်တွေကို သူက တိုက်တွန်းခဲ့တာပါ။ မစ္စတာဘန်ကီမွန်း ပြောတဲ့ ရိုဟင်ဂျာ ဆိုသူတွေကို မြန်မာအစိုးရကတော့ တဖက်နိုင်ငံက ဝင်လာကြတဲ့ ဘင်္ဂါလီတွေလို့သာ တောက်လျှောက် သုံးနှုန်းလာခဲ့တာပါ။

အခုဆိုရင် နိုင်ငံအတော်များများမှာ သည်းခံနားလည်မှုတွေ ကျဆင်းပြီး အစွန်းရောက်မှုတွေ တိုးလာနေချိန်မှာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်မှာ အောင်မြင်အောင် လုပ်ပြပြီး၊ နိုင်ငံတကာရဲ့ နားလည်မှုကို ပိုပြီးရယူဖို့ လိုတယ်လို့ မစ္စတာဘန်ကီမွန်းက ပြောပါတယ်။ မစ္စတာဘန်ကီမွန်းဟာ မနက်ဖြန်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ သီးသန့်တွေ့ဆုံဖို့ ရှိပါတယ်။

သူ့ရဲ့ဒီကနေ့ ပြောဆိုချက်တွေထဲမှာ အာရှဒေသတွင်း အရေးတကြီး လုပ်ဆောင်ဖို့လိုတဲ့ အပြောင်းအလဲ ၃ ခု ရှိကြောင်း၊ အဲဒီထဲမှာ အာရှရဲ့ ပင်လယ်ပြင်တွင်း ရေပိုင်နက် အငြင်းပွားမှုကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ အာဆီယံ ခေါင်းဆောင်တွေနဲ့ အာရှခေါင်းဆောင်တွေကြားမှာ တာဝန်ရှိတယ်လို့ ထောက်ပြသွားပါတယ်။ ဒါမှသာ နိုင်ငံတွေကြား အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင် နိုင်လိမ့်မယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် ဒေသတွင်း တည်ငြိမ်အောင် ဒီမိုကရေစီရေး လူ့အခွင့်အရေးတွေကို တိုးမြှင့်လုပ်ဆောင် သွားကြဖို့ကိုလည်း မစ္စတာဘန်ကီမွန်းက အလေးပေး ပြောဆိုသွားပြီး၊ ကမ္ဘာမှာ ကြောက်လန့်ဖွယ်ရာ ဖြစ်ပွားပျံ့နှံ့နေတဲ့ အီဘိုလာရောဂါ ပြဿနာကိုလည်း ပြောသွားပါတယ်။ တခါ ရာသီဥတုဖောက်ပြန် ပြောင်းလဲနေတဲ့ ကိစ္စကို ထိန်းနိုင်ဖို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ လျှော့ချရေး ကိစ္စမှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ တရုတ်သမ္မတ ရှီကျင့်ပင် တို့ သဘောတူညီချက် ထုတ်ပြန်ခဲ့တာကိုလည်း သူကကြိုဆိုလိုက်ပါတယ်။

XS
SM
MD
LG