သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်မြို့လယ် ပေါက်ကွဲမှု လူအများအပြား သေဆုံး


ဘန်ကောက်မြို့လယ် ဧရာဝဏ် လေးမျက်နှာ ဘုရားနား ပေါက်ကွဲမှု (သြဂုတ် ၁၇၊ ၂၀၁၅)
ဘန်ကောက်မြို့လယ် ဧရာဝဏ် လေးမျက်နှာ ဘုရားနား ပေါက်ကွဲမှု (သြဂုတ် ၁၇၊ ၂၀၁၅)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က ဧရာဝဏ် လေးမျက်နှာဘုရားနားမှာ ဒီကနေ့ တနင်္လာနေ့မှာ ပေါက်ကွဲမှုတခု ဖြစ်ပွါးခဲ့လို့ လူ ဆယ်ဂဏန်း သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာ ရရှိသွားပါတယ်။ ဒါဟာ ဆယ်နှစ်ကျော်ကာလအတွင်း မြို့တော်ဘန်ကောက်မှာ အဆိုးဝါးဆုံး ဗုံးပေါက်ကွဲမှု ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေ ထဲမှာ နိုင်ငံခြားသား ၄ ဦး ပါတယ်လို့ ထိုင်းသတင်း မှာ ဖေါ်ပြထားပါတယ်။

ဒေသစံတော်ချိန် ညနေ ၇ နာရီလောက်မှာ ဖြစ်ပွားတဲ့ ဒီပေါက်ကွဲမှုဟာ ဘန်ကောက်မြို့လယ်က အဆင့်မြင့် ဟိုတယ်ကြီးတွေ၊ ကုန်တိုက်ကြီးတွေ နိုင်ငံခြားခရီးသွားတွေနဲ့ စည်ကားတဲ့ မြို့လယ်ခေါင် Ratchaprasong လမ်းဆုံမှာရှိတဲ့ ဧရာဝဏ် လေးမျက်နှာ ဘုရားနားမှာ ဖြစ်ပွါးတာပါ။

လေးမျက်နှာဘုရားနားမှာ ပိတ်စတွေနဲ့ အုပ်ထားတဲ့အလောင်း ၆ လောင်းကို တွေ့ရတယ်လို့ အခင်းဖြစ်ပွါးရာနေရာကို ရောက်နေတဲ့ VOA သတင်းထောက် Steve Herman က ပြောပါတယ်။

လမ်းဆုံမှာလည်း လူ့ခန္ဓာကိုယ် အစိတ်အပိုင်းအစတွေ ပြန့်ကျဲနေပြီးတော့ အများအပြားကိုလည်း စက္ကူဖြူတွေနဲ့ လိုက်ဖုံးထားတယ်လို့ ဗွီအိုအေ သတင်းထောက်ကပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေချင်တယ်ဆိုရင် ဒီနေရာကို ရွေးချယ်ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်မယ်ရင် ဒီနေရာကို ရွေးချယ်တာဟာ အထိအခိုက်အများဆုံးဖြစ်မယ်ဆိုတာ အသေအချာပါပဲလို့ ဗွီအိုအေသတင်းထောက်က သုံးသပ်ပါတယ်။

အခင်းဖြစ်ပွါးရာ ညနေခင်းအချိန်က အဲဒီ လေးမျက်နှာဘုရားထဲမှာ လူ ရာနဲ့ချီ စည်ကားနေချိန်လို့လည်း ဆိုပါတယ်။ ယာဉ်အသွားအလာရှုပ်ထွေးတဲ့ ဒီလမ်းဆုံ လမ်းခွမှာ ယာဉ်တွေ ကားတွေ မောင်းနှင်သွားလာနေတဲ့ အချိန်မှာ ပေါက်ကွဲမှုဖြစ်တာကို လုံခြုံရေးစောင့်ကြည့်ကင်မရာမှာ တွေ့ရပါတယ်။

အခုပေါက်ကွဲမှုဟာ ဗုံးတလုံးပေါက်ကွဲတာ ဖြစ်ကြောင်း ရဲအရာရှိဆိုသူက ပြောပါတယ်။ ဒါပေမယ့်လည်း ဒီဖေါက်ခွဲမှုကို ဘယ်သူ လုပ်ဆောင်တယ် ဒီနေရာကို ဘာ့ကြောင့် ပစ်မှတ်ထား တိုက်ခိုက်ရတယ် ဆိုတာတွေကိုတော့ မသိရသေးပါဘူး။

XS
SM
MD
LG