သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်ရှိ မြန်မာတွေကို သံရုံးသတိပေး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်း နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှုတွေ ဖြစ်နေတဲ့အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ လုံခြုံရေး အထူးသတိထားကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီးက သတိပေး ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ထဲမှာ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေ တင်းကျပ်စွာ ချထားပြီး လုံခြုံရေး အထူးသတိထားရမယ့် နေရာတွေကိုလည်း ထိုင်းအစိုးရက ကြေညာထားတဲ့အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ သူတို့ရဲ့ လုံခြုံရေးကို အတော်လေးကို စိုးရိမ်နေကြတဲ့ အနေအထားဖြစ်ပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က စုစည်း တင်ပြပေးထားပါတယ်။

တနလာၤနေ့ညပိုင်းက ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့ရဲ့ အချက်အခြာကျတဲ့ နိုင်ငံခြားသား ခရီးသွားတွေနဲ့ စည်ကားလှတဲ့ မြို့လယ်ခေါင်က ဧရာဝဏ် လေးမျက်နှာ ဟိန္ဒူဘုရားရုပ်တုဝင်းအနီးမှာ ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှုဖြစ်လို့ လူ အနည်းဆုံး ၂၀ သေဆုံးခဲ့ရသလို လူအများအပြားလည်း ဒဏ်ရာ အပြင်းအထန်ရခဲ့ကြတာပါ။ ဒီကနေ့ အင်္ဂါနေ့မှာလည်း ကျောက်ဖရားမြစ်အနီးမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပေမဲ့လို့ လူအသေအပျောက်တော့ မရှိခဲ့ပါဘူး။

အခုလို ဘန်ကောက်မြို့တော်တွင်း ဗုံးဆက်တိုက် ပေါက်ကွဲမှုတွေ ဖြစ်နေတဲ့အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ လုံခြုံရေး အထူးသတိထားကြဖို့နဲ့ အန္တရာယ်ရှိတဲ့ စိုးရိမ်ဖွယ် ပစ်မှတ်ထား ဆောင်ရွက်နိုင်ခြေ ရှိတယ်လို့ ထိုင်းအစိုးရက ကြေညာထားတဲ့ နေရာတွေကို ရှောင်ရှားသွားလာကြဖို့ ဘန်ကောက်မြို့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထူးသတိပေး ကြေညာလိုက်ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ မိမိတို့ရဲ့ လုံခြုံရေး အထူး သတိထားကြစေလိုပါတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံမှုူးကြီး ဦးဝဏ္ဏဟန်က ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပါတယ်။

“မြန်မာအလုပ်သမားတွေရော၊ ဒီမှာလာရောက်နေကြတဲ့ လည်ပတ်တဲ့သူတွေရော၊ ဆေးလာကုတဲ့လူတွေရော အများကြီး ရှိတယ်လေ။ သူတို့ထိုင်းအစိုးရကလည်း သူတို့ သတ်မှတ်ထားတဲ့ နေရာ ၁၀ ခုရှိတယ်လေ။ အဲဒီနေရာလေးတွေကို အထူးသတိပြုပြီးတော့ ရှောင်ရှားကြဖို့ပေါ့နော်။ သူတို့ပစ်မှတ်ထားတာကလည်း လူစည်ကားတဲ့ Tourists တွေသွားတဲ့ နေရာတွေဆိုတော့ အဲဒီနေရာတွေကို သတိဝိရိယနဲ့ ဖြစ်နိုင်ရင်တော့ မသွားစေချင်ဘူးပေါ့။ အခုရက်ပိုင်းအတွင်းမှာတော့ မလိုရင် သိပ်ပြီးတော့ လူအများစည်ကားတဲ့ နေရာတွေကို မသွားစေချင်ဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အခြေအနေက ဘာမှမသိရဘူးလေ။ အခုပဲ နောက်ထပ်တလုံး ဗုံးတလုံးပေါက်တယ် ပြောတယ်လေ။ ကျနော်တို့ လက်လှမ်းမှီသလောက်တော့ အလုပ်သမား သံအရာရှိတို့ဘာတို့ ကျနော်တို့ ဒီမှာခန့်ထားတာ ရှိတယ်လေ။ အဲဒီတော့ သူတို့ကတဆင့်ရော၊ သက်ဆိုင်ရာ ဒီမှာရှိတဲ့ အလုပ်သမား NGOs တို့ ဘာတို့လည်း အကုန်လုံး ဖြန့်ဝေသတိပေး ထားပါတယ်။ အဓိကကတော့ ကိုယ့်မြန်မာနိုင်ငံသားတွေ ဘေးအန္တရာယ်ကင်းရှင်းဖို့ အဓိကပါပဲ။ ကျနော်တို့ အခုသိသလောက်ကတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေလည်း တယောက်မှ ထိခိုက်နစ်နာမှု မရှိပါဘူးခင်ဗျ။”

ထိုင်းနိုင်ငံမှာရှိတဲ့ ဗွီအိုအေရဲ့ ဗွီဒီယိုသတင်းထောက် ကိုဇင်လတ်ကလည်း ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု အခြေအနေ မနေ့ညက ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု နောက်ဆက်တွဲ အနေအထားတွေကို အခုလို ရှင်းပြပါတယ်။

“အခုနောက်ထပ် ကျောက်ဖရားမြစ်နားမှာ ပေါက်တဲ့အလုံးက နေ့လည် တနာရီလောက်က ပေါက်သွားတာပေါ့နော်။ ဗုံးကတော့ အသေးပဲ၊ ဒါပေမဲ့ ရေထဲကို ပစ်ချလိုက်တာပေါ့။ သက်သက်လန့်အောင်လုပ်တဲ့ ပုံစံမျိုး၊ ဗုံးမျိုးပေါ့နော်။ လူအသေအပျောက်တော့ မရှိဘူး။ ထိခိုက်ဒဏ်ရာ ရတဲ့လူလည်း မရှိဘူး။ သင်္ဘောဆိပ်ပေါ့နော် Sathon လှေဆိပ်မှာပေါက်တာ။ ဒီနေရာက Tourists တွေ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ အလာများတဲ့ နေရာတခုပဲ။ အဲဒီနေရာက။ အခုလောလောဆယ်တော့ လက်ရှိ ဘန်ကောက်မှာ ဒေသခံတွေရော၊ ခရီးသွားဧည့်သည်တွေရောက နည်းနည်းလန့်နေတာပေါ့နော်။ ဒီလိုဗုံးမျိုး နောက်ထပ် ထပ်ပေါက်ဦးမလား ဆိုပြီးတော့။ ပြီးတော့ အစိုးရကလည်း နောက်ထပ် ဖြစ်နိုင်မယ့်၊ ဗုံးပေါက်နိုင်မယ့် လူစည်ကားရာ အရပ်ပေါ့နော် သတိထားဖို့ ထုတ်ပြန်ထားတာရှိတယ်။”

ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayuth Chan-ocha ကလည်း ဒီဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ရုပ်မြင်သံကြားကတဆင့် ဒီကနေ့ နိုင်ငံကို မိန့်ခွန်းပြောကြားခဲ့ပြီး အခုလက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်းက လုံခြုံရေး တင်းကျပ်စွာချထားတဲ့ အခြေအနေကို ရှင်းပြခဲ့ပြီး အခုဆိုရင် မသင်္ကာသူလို့ ယူဆရသူတွေကို မြေလှန်ရှာဖွေနေတဲ့အကြောင်း ကိုဇင်လတ်က အခုလို ပြောပါတယ်။

“ခုနကပဲ ထိုင်းဝန်ကြီးချုပ်ကနေပြီးတော့ တီဗွီကနေ ကြေညာတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရဲအင်အား ၅ ထောင်ကျော်အထိ၊ စစ်တပ်အင်အားလည်း ထောင်နဲ့ချီပြီးတော့ ဘန်ကောက်မြို့အတွက် လုံခြုံရေး ယူထားတယ်လို့တော့ ပြောထားတယ်။ အခုလောလောဆယ် မြို့လည်ခေါင် လူစည်ကားတဲ့ အရပ်မှာတော့ စစ်သားတွေလည်း တွေ့ရတယ်။ အရပ်ဝတ် လုံခြုံရေးတွေလည်း တွေ့ရတယ်။ ပြီးတော့ ရဲတွေလည်း တွေ့ရတယ်။ အခုလောလောဆယ် ထိုင်းမီဒီယာတွေကနေ CCTV ကနေရတဲ့ ဗွီဒီယိုတွေရော၊ ဓာတ်ပုံတွေရော ထုတ်ပြတယ်။ အဲဒီမှာတော့ နိုင်ငံခြားသားတယောက် ၄ မျက်နှာဘုရားဝန်းထဲကို ဝင်လာတယ်၊ ပြီးတော့ ကျောပိုးအိတ်ကို သူချသွားတယ်။ ပြီးတော့ ဖုန်းကိုနှိပ်ပြီး သူပြန်ထွက်သွားတယ်။ သူပြန်ထွက်သွားတဲ့ အချိန်မှာပဲ ဗုံးကပေါက်တာပေါ့နော်။ အဲဒီတော့ ဒီလူကတော့ ဖြစ်နိုင်တယ်၊ သံသယရှိတဲ့လူဆိုပြီးတော့ အဓိက အစိုးရကလည်း ထုတ်ပြန်ထားတယ်။ သူ့ကိုလည်း လိုက်ရှာနေတယ်ပြောတယ်။ ဘန်ကောက်မှာဖြစ်တဲ့ ဗုံးကွဲမှုထဲမှာ ဒါက အဆိုးရွားဆုံး ဗုံးကွဲမှု တခုလည်းဖြစ်တယ်။ အဲဒီတော့ ထိုင်းနိုင်ငံထဲက ခရီးသွားဧည့်သည် လုပ်ငန်းတွေကိုလည်း ထိခိုက်နိုင်တဲ့အတွက် လုံခြုံရေးကတော့ အဓိက နောက်ထပ်ဗုံးတွေ ထပ်မပေါက်အောင်၊ ဒီလိုအထိတ်တလန့်တွေ ထပ်မဖြစ်အောင် တော်တော်လေး စီမံနေကြတာ တွေ့ရတယ်ခင်ဗျ။”

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ အလုပ်သမားရေး လှုပ်ရှားသူ မသက်သက်ဦးကလည်း ဘန်ကောက်မြို့တော်တွင်း မြေပေါ်မြေအောက် ရထားလမ်းတွေမှာ သယ်ဆောင်လာတဲ့ ပစ္စည်းတွေ အိတ်တွေကို အထူးစစ်ဆေးနေသလို လူအများကလည်း လုံခြုံရေး စိုးရိမ်ရတဲ့အနေအထားဖြစ်လို့ အကုန်လုံးက အထိတ်ထိတ် အလန့်လန့်သွားလာနေကြတယ်လို့ ပြောပြပါတယ်။

“ရထားစီးတော့လည်း သူတို့ဂိတ်တွေမှာ အခုစစ်နေတယ်။ အိတ်တွေထဲပေါ့နော်။ မြေအောက်ရထားစီးတော့လည်း ဂိတ်တွေကိုစစ်တယ်။ ကျမတို့လည်း ကြောက်နေတယ်။ ဘယ်နားဖြစ်မယ်ဆိုတာ မသိဘူးလေ။ အဲဒီတော့ တထိတ်ထိတ်နဲ့ပေါ့နော်။ သူတို့ပြောထားတဲ့ နေရာတွေကို သွားနေရတာပေါ့နော်။ အလုပ်သမားတွေ၊ ခရီးသည်တွေက မသွားနဲ့ဆိုလည်း လုပ်ငန်းက ရှိတယ်ဆိုတော့ သွားကိုသွားရတယ်လေ၊ အဲဒီလိုဖြစ်နေတာ။”

ဘန်ကောက် ဗုံးပေါက်ကွဲမှု သတင်းထွက်ပေါ်လာပြီးတဲ့နောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ထိခိုက်နစ်နာခံရသူတွေ အားလုံးအတွက် အလွန်ကို စိတ်ထိခိုက်ရပါကြောင်း ပြောကြားခဲ့ပါတယ်။ ဘန်ကောက်မြို့ အခြေစိုက် အမေရိကန်သံရုံးကလည်း အမေရိကန်နိုင်ငံသားတွေအနေနဲ့ အခင်းဖြစ်ပွားတဲ့နေရာကို မသွားကြဖို့နဲ့ ဒေသခံ မီဒီယာတွေထံကနေ သတင်းတွေကို စောင့်ကြည့် နားထောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း အပြစ်မဲ့ ပြည်သူတွေ သေဆုံးခဲ့ရတာ သိရတဲ့အတွက် ထိတ်လန့် တုန်လှုပ်မှုဖြစ်ရကြောင်းနဲ့ ထိခိုက်သူတွေ၊ ထိုင်းပြည်သူတွေနဲ့ ထိုင်းအစိုးရကို ဝမ်းနည်းကြောင်း ပြောဆိုလိုက်တယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG