သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် စက်ရုံပြိုကျမှု သေဆုံးသူ ၈၀၀ နီးပါးရှိ


ကယ်ဆယ်ရေးလုပ်သားတွေက အလောင်းတွေကို ရှာဖွေသယ်ဆောင်လာစဉ် (၇ မေ ၂၀၁၃)
ကယ်ဆယ်ရေးလုပ်သားတွေက အလောင်းတွေကို ရှာဖွေသယ်ဆောင်လာစဉ် (၇ မေ ၂၀၁၃)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံတွေရှိရာ ကုန်တိုက်တခု ပြိုကျရာက သေဆုံးသူ အရေအတွက် တဖြေးဖြေးနဲ့ ၈၀၀ နီးပါးအထိ တိုးလာနေပါတယ်။ အပျက်အစီးတွေကို ဆက်လက် ရှင်းလင်းရာက ထပ်မံတွေ့ရှိရတဲ့ အလောင်းတွေနဲ့ပါဆိုရင် သေဆုံးသူ အရေအတွက်ဟာ ၇၈၂ ယောက်အထိ ရှိသွားပြီလို့ ဒီကနေ့ပဲ အစိုးရတာဝန်ရှိသူတွေက ကြေညာခဲ့ကြတာပါ။

ပြိုကျချိန်မှာတော့ အဆောက်အဦးထဲမှာ လူပေါင်း ၃ ထောင်လောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဧပြီလ ၂၄ ရက်နေ့က အဆောက်အဦး ပြိုကျမှုအတွင်း သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာကို သိရဖို့လည်း ပိုပြီးခက်ခဲလာနေပြီလို့ အာဏာပိုင်တွေက ပြောခဲ့ကြတာပါ။

သေဆုံးသူတွေရဲ့ အလောင်းတွေမှာ တွေ့ရတဲ့ မှတ်ပုံတင် အထောက်အထားတွေ၊ လက်ကိုင်ဖုန်းတွေကို အားကိုးပြီး ဘယ်သူဘယ်ဝါတွေ ဖြစ်ကြတယ်ဆိုတာကို ဖော် ထုတ်နေရတယ်လို့လည်း ပြောပါတယ်။ အဆောက်အဦး ပြိုကျမှုနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေ အဖြစ်နဲ့တော့ အာဏာပိုင်တွေက လူ ၉ ယောက်ထက်မနည်း ကိုလည်း ဖမ်းဆီးထားတာပါ။

ဖမ်းဆီးခံထားရသူတွေထဲမှာတော့ အဆောက်အဦးပိုင်ရှင်၊ ကုန်တိုက်ထဲမှာ ရှိနေကြတဲ့ အထည်ချုပ်စက်ရုံ ပိုင်ရှင်တွေနဲ့ အဆောက်အဦးကို တည်ဆောက်ခဲ့ကြသူ အင်ဂျင်နီယာတွေလည်း ပါဝင်ကြပါတယ်။ လုပ်အားခ ဈေးသက်သာတဲ့အတွက် နိုင်ငံတကာက နာမည်ကျော် အမှတ်တံဆိပ်တွေ အပါအဝင် အထည်ချုပ်လုပ်ငန်းတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပြည်ပပို့ကုန် လုပ်ငန်းရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးရှိပြီး တန်ဖိုးအားဖြင့် ဒေါ်လာသန်းပေါင်း ၂ သောင်းလောက် ရှိပါတယ်။

ပြည်ပကုမ္ပဏီ တချို့ကတော့ သူတို့ရဲ့ လုပ်ငန်းတွေ လုပ်ကိုင်ရင်း သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို ထောက်ပံ့ကူညီဖို့လည်း ကတိပေးထားကြပါတယ်။
XS
SM
MD
LG