သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလား-မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုဖြစ်


ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နတ်မြစ်မြန်မာဘက်ခြမ်းမှာ လုံခြုံရေးယူထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း)
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နတ်မြစ်မြန်မာဘက်ခြမ်းမှာ လုံခြုံရေးယူထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း)

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နယ်ခြားဒေသမှာ ၂ နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ဒီကနေ့အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိပြီး၊ နောက်တဦးကိုတော့ မြန်မာ အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။

မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုမှုလို ရာဇဝတ်မှုမကင်းတဲ့ လုပ်ရပ်တွေ ရှိနေတဲ့အတွက် မကြာသေးခင်ကစလို့ လုံခြုံရေးအတွက် တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေချိန်မှာပဲ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရေတွင်းကျွန်း ချောင်းဝကင်းစခန်းကို တာဝန်ယူနေတဲ့ မြန်မာနယ်ခြားစောင့်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ နယ်ခြားစောင့်တပ်တွေကြား နှစ်ဖက်ပစ်ခတ်မူတွေ ဖြစ်ခဲ့တာပါ။ မြန်မာရေပိုင်နက်အတွင်း ဝင်ရောက်လာတဲ့အတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့လည်း ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ မြန်မာနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့က ဒုတိယ ရဲမှူးကြီးမျိုးဆွေ က ပြောပါတယ်။

ရဲမှူးကြီးမျိုးဆွေ- မြန်မာနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ (ဗွီအိုအေမြန်မာပိုင်း)
ရဲမှူးကြီးမျိုးဆွေ- မြန်မာနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ (ဗွီအိုအေမြန်မာပိုင်း)

“မနက်က ကျနော်တို့ ခြံစည်းရိုးဘေးမှာ လှည့်ကင်းလှည့်တယ်။ လှည့်တဲ့အခါမှာ ကျနော်တို့ဘက် ကမ်းစပ်မှာ စက်လှေတစီး လာပြီးတော့ ရပ်တဲ့အသံကြားလို့ ဆင်းပြီးတော့ ကြည့်တဲ့အခါမှာ အဲဒီစက်လှေပေါ်ကနေ စပြီးတော့ ပစ်ပါတယ်။ စစ်ဆေးမေးမြန်းမလို့ စစစ်မေးတဲ့အချိန်မှာ သူတို့ဘက်ကနေ သေနတ်နဲ့ စပစ်တာဖြစ်ပါတယ်။ ကျနော်တို့ဘက်ကနေ ပြန်ပစ်တဲ့အခါမှာ သူတို့က ဟိုဘက်နိုင်ငံထဲကို မြစ်ထဲကိုခုန်ချသွားတာပေါ့။ တယောက်ကတော့ ကျနော်တို့ဆီက မိလိုက်တာပေါ့၊ သေနတ်တလက်နဲ့ မိလိုက်ပါတယ်။ ရေတွင်းကျွန်း ချောင်းဝကင်းစခန်းကနေပြီးတော့ ခြံစည်းရိုးဘက်ကို ကင်းလှည့်ရင်းနဲ့ တွေ့တာဖြစ်ပါတယ်။ နတ်မြစ် ကျနော်တို့ဘက်ကမ်းမှာပါ။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တပ်ကြပ်ကြီးတယောက်နဲ့ တပ်သား ၂ ယောက်လို့ သိရပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေမှာတော့ စက်လှေတစင်းနဲ့ စိတ်ကြွဆေးတွေ မှောင်ခိုသယ်လာတယ်ဆိုတဲ့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့တွေက ၂ နိုင်ငံ နယ်ခြားဒေသမှာ ကင်းလှည့်ရှာဖွေနေရင်း မြန်မာတပ်ဖွဲ့တွေရဲ့ ပစ်ခတ်တာ ခံခဲ့ရတာလို့ ဖော်ပြကြပါတယ်။ မသင်္ကာတဲ့ စက်လှေကို ရပ်တန့်စစ်ဆေးနေစဉ် ပစ်ခတ်ခံရတာလို့လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်း ၄၂ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အဘူဇာ အယ်လ်ဇာဟစ် (Abu Zar Al Zahid) ကို ကိုးကား ဖော်ပြခဲ့ကြတာပါ။ မြန်မာဘက်က ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်ကိုလည်း ပြန်လည် လွှဲပြောင်းပေးနိုင်ဖို့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အခုလိုမျိုးပစ်ခတ်မှုတွေ ရှိခဲ့ပေမဲ့ ဒီနှစ်ထဲမှာတော့ အခုဖြစ်ရပ်ဟာ ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်းလည်း ဒုရဲမှူးကြီးမျိုးဆွေက ပြောပါတယ်။

“ဒါကတော့ ကျနော်တို့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ မနှစ်ကတော့ ကုန်းတွင်းပိုင်းမှာတကြိမ် ကျနော်တို့ဖြစ်တာ ရှိပါတယ်။ ကုန်းတွင်းပိုင်း ခြံစည်းရိုးဘေးမှာ ဒီလိုမျိုးပဲ ကျနော်တို့ ပစ်ခတ်တာ တကြိမ်ဖြစ်ဖူးပါတယ်။ ဒီတခါကတော့ နတ်မြစ်ထဲမှာ ဖြစ်တာပါ။ ဟိုတခါကတော့ ကုန်းပေါ်မှာဖြစ်တာပါ။”

အခုပစ်ခတ်မှုနဲ့ ပတ်သက်လို ၂ နိုင်ငံအစိုးရချင်း ကြားမှာရော၊ နယ်ခြားစောင့်တပ်ဖွဲ့တွေ အချင်းချင်းကြားမှာပါ ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့လည်း ပြောပါတယ်။ အခုနောက်ဆုံး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ နယ်ခြားဒေသဟာ မကြာသေးခင် လတွေကစလို့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေကို လှေစီးထွက်ပြေးသူတွေ အဓိက ထွက်ခွာလာရာ ဒေသတခုအဖြစ်နဲ့လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြောဆိုထားကြတာပါ။ မြန်မာအာဏာပိုင်တွေကတော့ လူမှောင်ခိုမှုတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေလို ရာဇဝတ်မှုတွေ ပေါ်ပေါက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ်ဒေသမှာ လုံခြုံရေးအတွက် မကြာသေးခင်ကစလို့ ပိုမို တင်းတင်းကျပ်ကျပ် ဆောင်ရွက်လာနေပြီး နယ်ခြားစောင့်တပ်ဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG