သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်ခြားစောင့်တပ်သား လွှဲပြောင်းပေးရေး ဘင်္ဂလားဒေ့ရှ်-မြန်မာ မကြာမီ ဆွေးနွေးမည်


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြန်မာရေပိုင်နက်အတွင်း တစ်ဖက်နိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိ ( ဓာတ်ပုံ- MOI)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြန်မာရေပိုင်နက်အတွင်း တစ်ဖက်နိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိ ( ဓာတ်ပုံ- MOI)

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သားကို ပြန်လည်လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံနဲ့ ဒီတစ်ရက်၊ နှစ်ရက်အတွင်း ဆွေးနွေးမယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အကြီးအကဲက ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲတက်ရောက်မယ့် ကိုယ်စားလှယ် ၆ ယောက်တို့ရဲ့ နာမည်စာရင်းကို ဗုဒ္ဓဟူးမနက်က မြန်မာအာဏာပိုင်တွေဆီ ပေးအပ်လိုက်ပြီလို့ BGB ညွှန်ချုပ် ဗိုလ်ချုပ် Aziz Ahmed က ပြောကြားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် The Daily Star သတင်းစာမှာ ဖော်ပြထားပါတယ်။ ဘယ်နေ့ဆိုတာ အတိအကျ မပြောပေမဲ့ သောကြာနေ့ ဖြစ်နိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။

နယ်ခြားစောင့်တပ်သား Nayek Razzak ကို ပြန်လည်လွှဲအပ်ဖို့ မြန်မာအာဏာပိုင်တွေက အခိုင်အမာ ပြောထားတယ်လို့လည်း ဗိုလ်ချုပ် Aziz က ဆိုပါတယ်။ စောစောပိုင်းကတော့ Nayek Razzak ကို ပြန်လည် လွှဲပြောင်းပေးရေးအတွက် မြန်မာဘက်က တောင်းဆိုချက်ဖြစ်တဲ့ ကပ္ပလီပင်လယ်ပြင်အတွင်း မြန်မာရေတပ်က ကယ်တင်ထားလိုက်တဲ့ လှေစီးပြေးဒုက္ခသည် ၅၅၅ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည် လက်ခံရမယ်ဆိုတဲ့ အချက်ကို လိုက်လျောရမယ်လို့ မြန်မာနယ်ခြားစောင့်တပ်က ပြောခဲ့တဲ့အကြောင်း၊ ဒါပေမဲ့ Teknaf မြို့ နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး Abu Jar Al Jahid က Razzak နဲ့ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေအရေးဟာ သီးခြားစီဖြစ်ကြောင်း၊ အဲဒီ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟုတ် မဟုတ်ဆိုတာ စစ်ဆေးဖို့အတွက် အချိန်ယူ လုပ်ဆောင်ရမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar ဒေသ Teknaf မြို့အနီးက နတ်မြစ်ထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တွေအကြား ဇွန်လ ၁၇ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် Nayek Abdur Razzak ကို မြန်မာဘက်က ဖမ်းဆီး ထိန်းသိမ်းလိုက်တာလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောပါတယ်။

XS
SM
MD
LG