သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဖမ်းထားတဲ့ နယ်ခြားစောင့်တပ်သား လွတ်မြောက်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရ ဖိအားပေးခံရ


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြန်မာရေပိုင်နက်အတွင်း တစ်ဖက်နိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိစဉ်။ (ဓာတ်ပုံ- MOI)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြန်မာရေပိုင်နက်အတွင်း တစ်ဖက်နိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိစဉ်။ (ဓာတ်ပုံ- MOI)

မြန်မာနိုင်ငံမှာဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်ကို ပြန်လည် လွှဲပြောင်းပေးရေးအတွက် မြန်မာဘက်က တောင်းဆို ချက်ကို လိုက်လျှောရမယ်လို့ မြန်မာနယ်ခြားစောင့်တပ်ကပြောကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြ ထားပါတယ်။ အဲဒီ တောင်းဆိုချက်ကတော့ ကပ္ပလီပင်လယ်ပြင်အတွင်း မြန်မာရေတပ်က ကယ်တင်ထားလိုက်တဲ့ လူမှောင်ခိုကူးခံရသူ လှေစီးပြေး ဒုက္ခသည် ၅၅၅ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည် လက်ခံရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

အဲဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်တယ်လို့ မြန်မာအစိုးရက ပြောနေပေမယ့်လည်း သူတို့ ဘယ်သူ ဘယ်ဝါဆိုတာ အရင် စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ပြန်လက်ခံဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန္ဒမရှိဘူးလို့ ပြောပါတယ်။ စစ်ဆေး မေးမြန်းပြီးတာတောင် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြန်လက်ခံလိုက်တဲ့ အုပ်စုထဲမှာ မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာ မူဆလင်တွေ ပါလာတာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar ဒေသ Teknaf မြို့အနီးက နတ်မြစ်ထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တွေအကြား ဇွန်လ ၁၇ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် Nayek Abdur Razzak ကို မြန်မာဘက်က ဖမ်းဆီး ထိန်းသိမ်းလိုက်တာလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောပါတယ်။ တခြား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင်တပ်ဖွဲ့ဝင်တဦးလည်း ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။

Razzak နဲ့ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေအရေးဟာ သီးခြားစီဖြစ်ကြောင်း၊ အဲဒီ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟုတ်မဟုတ် ဆိုတာ စစ်ဆေးဖို့အတွက် အချိန်ယူလုပ်ဆောင်ရမှာဖြစ်ကြောင်း Teknaf မြို့ နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး Abu Jar Al Jahid ပြောတာကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။ မြန်မာဘက်က အဲဒီလို တောင်းဆိုတယ်ဆိုတာ မှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တနင်္လာနေ့မှာ အတည်ပြု ပြောကြားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံ နယ်စပ် ပုံမှန်တွေ့ဆုံပွဲအတွင်း ဖမ်းခံထားရတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ပြန်လွဲပြောင်းပေးရေးကိစ္စကိုပါ ထည့်သွင်း ညှိနှိုင်းခဲ့တယ်လို့ ပြည်နယ် ပြည်ထဲရေးဝန်ကြီး Assaduzzaman Khan Kamal က သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ Razzak ရဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးပေမယ့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ Facebook စာမျက်နှာမှာတော့ မျက်နှာမှာ သွေးတွေ စွန်းနေပြီး လက်ထိပ်ခတ်ခံထားတဲ့ သူ့ရဲ့ပုံကို တင်ထားတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့ရဲ့ မိသားစုကလည်း စိုးရိမ်နေသလို သူ့ရဲ့ ဇနီးကလည်း တနင်္လာနေ့မှာပဲ တတိယမြောက် ရင်သွေးကို မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင် ဖမ်းခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအပေါ် အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ BNP က လွှတ်တော်အတွင်း ဖိအားပေး ပြောဆိုမှုတွေ ရှိနေတာမှာ ဖမ်းဆီးမှု ဖြစ်ပွားပြီး ၆ ရက်ကြာတဲ့အထိ သူတို့နယ်ခြားစောင့်တပ်ဖွဲ့ဝင် ပြန်လွတ်လာအောင် စွမ်းဆောင်နိုင်စွမ်းမရှိတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ရာထူးက နုတ်ထွက်ပေးဖို့အထိပါ တောင်းဆိုလာနေကြပြီ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားပြီး နောက်တနေ့မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင့်ခေါ်ပြီး နယ်ခြားစောင့် တပ်ဖွဲ့ဝင်ကို ပြန်လွတ်ပေးဖို့ တောင်းဆိုခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG