သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ်မစ်ခေါင်းဆောင်တဦး ဘင်္ဂလားသေဒဏ်ပေး


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေးအတွက် ပါကစ္စတန်နိုင်ငံနဲ့ ဖြစ်ပွားတဲ့ စစ်ပွဲအတွင်း လူတွေကို ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှုတွေနဲ့ ဆက်နွယ်ပြီး ထိပ်တန်း အစ္စလာမ်ပါတီရဲ့ ခေါင်းဆောင်တဦးကို အထူးစစ်ရာဇဝတ်ခုံရုံးက သေဒဏ် အပြစ်ပေးလိုက်ပါတယ်။

Jamaat-e-Islami ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်သူ အသက် ၆၅ နှစ်အရွယ် Ali Ahsan Mohammad Mujahid မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ဒက္ကားမြို့တော် တရားရုံးက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ခဲ့တာပါ။

ပညာတတ်တွေကို ညှဉ်းပမ်းနှိပ်စက်မှု၊ ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှုတွေ အပါအဝင် အမှုပေါင်း ၇ မှုနဲ့ တရားစွဲဆိုခဲ့ပြီး ၅ မှုမှာတော့ သံသယဖြစ်စရာ မရှိအောင် သက်သေပြနိုင်ခဲ့တယ်လို့လည်း တရားလိုရှေ့နေက ပြောပါတယ်။ အမှု ၅ မှုအနက် ၃ မှုက သေဒဏ်၊ တမှုက တသက်တကျွန်းနဲ့ နောက်တခုက ထောင်ဒဏ် ၅ နှစ် အပြစ်ပေး ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။

တရားသူကြီးရဲ့ စီရင်ချက်ကို ကြားခဲ့ရပြီးနောက်မှာတော့ တရားမျှတမှု မရှိတဲ့အကြောင်း တရားခွင်မှာ အော်ဟစ်ခဲ့တာပါ။ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြစ်ဒဏ်စီရင်တာ ဒီသီတင်းပတ်ထဲ ဒါဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

Jamaat-e-Islami ပါတီရဲ့ ဘာသာရေးခေါင်းဆောင် အသက် ၉၀ အရွယ် Ghulam Azam ကိုလည်း စစ်အတွင်း ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက် တနင်္လာနေ့မှာတုန်းကပဲ ထောင်ဒဏ်အနှစ် ၉၀ ချမှတ်ခဲ့တာပါ။

အစ္စလာမ်ဝါဒီ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို အထူးစစ်ရာဇဝတ်ခုံရုံးက အပြစ်ပေးအရေးယူခဲ့တာ ဒီနှစ်ဆန်းကစလို့ ဒါဟာဆိုရင် ၆ ဦး ရှိသွားပါပြီ။
XS
SM
MD
LG