ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစ္စလာမ်ဝါဒီ အတိုက်အခံခေါင်းဆောင် Muhammad Kamaruzzaman ကို ကြိုးပေးကွပ်မျက်လိုက်ပါပြီ။ ၁၉၇၁ ခုနှစ်က ပါကစ္စတန်ကနေခွဲထွက်ပြီး လွတ်လပ်ရေးရဖို့ တိုက်ခိုက်ခဲ့တဲ့စစ်ပွဲအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ အတွက် အခုလို ကွပ်မျက်လိုက်တာပါ။
စနေနေ့ည ဒေသစံတော်ချိန် ည ၁၀ နာရီခွဲမှာ ကြိုးပေးကွပ်မျက်လိုက်တဲ့အကြောင်း ဒါကာမြို့တော်၊ ဗဟိုအကျဉ်းထောင်ပြင်ပမှာ အကျဉ်းထောင် အကြီးတန်းတာဝန်ရှိသူ Forman Ali က သတင်းထောက်တွေကို စနေနေ့မှာပြောပါတယ်။ ၁၉၇၁ ခုနှစ် စစ်ပွဲအတွင်း လူထောင်ပေါင်းများစွာကို သတ်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ကို ထူထောင်တာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့မှုနဲ့ Kamaruzzaman မှာ အပြစ်ရှိကြောင်း တရားရုံးတခုက ၂၀၁၃ ခုနှစ်မှာ ဆုံးဖြတ်ထားတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကြီးဆုံး အစ္စလာမ်ဝါဒီ နိုင်ငံရေးပါတီဖြစ်တဲ့ Jamaat-e-Islami ပါတီက ဒီကွပ်မျက်မှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး အစိုးရရဲ့လုပ်ရပ်ကို ကန့်ကွက်ဖို့ တနင်္လာနေ့မှာ နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်မှောက်မယ်လို့ တောင်းဆိုထားပါ တယ်။
ဆန္ဒပြ ကန့်ကွက်ပွဲတခုခုပေါ်လာရင် ဖြိုခွဲဖို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ပြည်သူ့စစ် တပ်ဖွဲ့တွေကို တနိုင်ငံလုံးမှာ ချထားလိုက်ပါတယ်။