သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
၀န်ကြီးချုပ်ဟောင်း Khaleda တရားရုံးဖမ်းဝရမ်းထုတ်
နောက်ဆုံးရသတင်း

၀န်ကြီးချုပ်ဟောင်း Khaleda တရားရုံးဖမ်းဝရမ်းထုတ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၂၀၁၅ ခုနှစ်က လူ ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာတွေ ရရှိခဲ့တဲ့ ဘတ်စ်ကားတစင်းကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခဲ့မှုနဲ့ ဆက်နွယ်ပြီး - အတိုက်အခံခေါင်းဆောင် Khaleda Zia ကို ဘင်္ဂလားဒေ့ရှ်တရားရုံးက ဗုဒ္ဓဟူးနေ့မှာပဲ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

မနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းရာမှာ နိုင်ငံတဝှမ်း ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြတဲ့ ဖြစ်ရပ်အတွင်း - ဗုံးခွဲတိုက်ခိုက်အောင် လှုံ့ဆော်ခဲ့တယ်ဆိုပြီး ခါလီဒါ ဇီယာ နဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီက ခေါင်းဆောင် ၂၇ ဦးကို စွပ်စွဲထားတာ ဖြစ်ပါတယ်။

သူတို့အပေါ် စွဲချက်တွေကို လက်ခံခဲ့ပြီးနောက် တရားရုံးတော်က ဖမ်းမိန့်ကို အတည်ပြုခဲ့သလို၊ ဒီအမှုမှာ Khaleda Zia ကို အဓိက မသင်္ကာသူအဖြစ် စွပ်စွဲထားကြောင်း - အစိုးရရှေ့နေ Shah Alam Talukdar က ပြောဆိုခဲ့ပါတယ်။

အတိုက်အခံပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ruhul Kabir Rizvi ကတော့ - စွဲချက်တွေဟာ ရီစရာကောင်းတဲ့အကြောင်း ပြောဆိုခဲ့သလို - ခါလီဒါ ဇီယာအပေါ် နိုင်ငံရေးအရ ပူးပေါင်းကြံစည်မှု တစိတ်တပိုင်းအဖြစ် တမင်သက်သက်လုပ်ဆောင်ခဲ့တာသာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် ခါလီဒါ ဇီယာနဲ့ ဝန်ကြီးချုပ် ဟာဆီနာ တို့ဟာ ကာလကြာရှည် နိုင်ငံရေးပြိုင်ဘက်တွေ ဖြစ်ကြပြီး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း တိုင်းပြည်ရဲ့ ဝန်ကြီးချုပ်အဖြစ် တလှည့်စီ တာဝန်ယူခဲ့ကြသူတွေပါ။ နှစ်ယောက်စလုံးဟာ တိုင်းပြည်ရဲ့ အမျိုးသားခေါင်းဆောင်ဟောင်းတွေနဲ့ သွေးသားတော်စပ်သူတွေလည်း ဖြစ်ကြပါတယ်။

XS
SM
MD
LG