သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bangladesh စာအုပ်တိုက် တိုက်ခိုက်မှု ထုတ်ဝေသူသေဆုံး


 စာအုပ်တိုက် တိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရခဲ့တဲ့ စာရေးဆရာ Sudeep Kumar Ray Barman
စာအုပ်တိုက် တိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရခဲ့တဲ့ စာရေးဆရာ Sudeep Kumar Ray Barman

ဘင်္ဂလားဒက်ရှ်နိုင်ငံ မြို့တော်ဒက္ကာက ဘာသာရေးသြဇာမခံတဲ့ စာအုပ်တိုက် ၂ ခု ဝင်ရောက်အတိုက်ခိုက်ခံရပြီး ထုတ်ဝေသူတဦးဖြစ်တဲ့ Faisal Arefin Deepan သေဆုံးခဲ့ရသလို ကျန် ၃ ဦးကတော့ ဒဏ်ရာတွေရခဲ့တယ်လို့ ရဲတွေကပြောပါတယ်။

အခု အတိုက်ခိုက်ခံရသူတွေဟာ ဖေဖေါ်ဝါရီလတုန်းက ဒက္ကာတက္ကသိုလ်ဝင်းထဲမှာ ဇနီးဖြစ်သူနဲ့အတူ လမ်းလျှောက်နေတုန်း ဓါးနဲ့ အခုတ်ခံရပြီး သေဆုံးသွားခဲ့တဲ့ ဘင်္ဂလားဒက်ရှ်နွယ်ဖွား အမေရိကန်သား ဘလော့ဂါ၊ စာရေးဆရာ Avijit Roy ရဲ့ စာပေတွေကို ထုတ်ဝေနေသူတွေ ဖြစ်ပါတယ်။

ဘယ်အဖွဲ့အစည်းက အခုလို တိုက်ခိုက်ခဲ့တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။ ဘလော့ဂါ Roy ကို သတ်ခဲ့တုန်းကတော့ Ansa rullah Bangla Team လို့ခေါ်တဲ့ ဒေသတွင်း အစ္စလန်အဖွဲ့က သူတို့လက်ချက်လို့ ပြောပါတယ်။

အသတ်ခံရသူ Deepan ရဲ့ ရုပ်အလောင်းကို သူ့ရဲ့ Jagriti Prokashoni စာအုပ်တိုက်ရုံးခန်းထဲမှာတွေ့ခဲ့ရတာဖြစ်ပြီး စနေနေ့ အစောပိုင်းမှာ လည်း ဒက္ကာက Shudhdhoswar စာအုပ်တိုက်မှာ ထုတ်ဝေသူAhmed Rahim Tutul နဲ့ စာရေးဆရာနှစ်ယောက်ကို လူ ၃ ယောက်က ဓါးနဲ့ ထိုးပြီး သေနတ်နဲ့လည်းပစ်ခဲ့တယ်လို့ရဲအရာရှိတွေက ပြောပါတယ်။

စာရေးဆရာနှစ်ယောက်ဟာRanadeep Basu နဲ့Tareque Rahim တို့ ဖြစ်ကြောင်းနဲ့ သူတို့ ၃ ဦးစလုံးကို ဆေးရုံတင်ထားရပြီးTutul ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့လည်း ရဲကပြောပါတယ်။

အခုလို နောက်ဆုံးအတိုက်ခိုက်ခံရမှုတွေကနေ ဘင်္ဂလားဒက်ရှ်မှာ အစ္စလာမ် အစွန်းရောက်အဖွဲ့တွေ လှုပ်ရှားလာမှာကို စိုးရိမ်နေကြပါတယ်။ ဒီနှစ်ထဲမှာပဲ ဘာသာအယူမရှိသူ ဘလော့ဂါ အနည်းဆုံး ၄ ဦး အသတ်ခံခဲ့ရပြီ ဖြစ်ပါတယ်။

XS
SM
MD
LG