သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA မူကြမ်းသဘောတူပေမဲ့ တိုက်ပွဲများဆက်ရှိနေ


တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် နောက်ဆုံးမူကြမ်းကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေအကြား အတည်ပြု လက်မှတ်ရေးထိုးပြီး တပတ်ကြာချိန်အတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို ကိုးကန့်ဒေသနဲ့ ကချင်ပြည်နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ကချင်တပ်ဖွဲ့နဲ့ အစိုးရအကြားမှာတော့ ပဋိပက္ခတွေ လျှော့ချရေးအတွက် တွေ့ဆုံဆွေးနွေးတာတွေရှိပေမဲ့ ကျန်ဒေသတွေမှာတော့ တိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်မယ့် အလားအလာတွေ ရှိနေတယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ဟာ မတ်လ ၃၁ ရက်နေ့က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် နောက်ဆုံးမူကြမ်းကို နိုင်ငံတော်သမ္မတ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို လက်မှတ်ရေးထိုးပြီး တပတ်ကြာကာလအတွင်းမှာ တိုက်ပွဲတွေဟာ ဆက်လက် ဖြစ်ပွားနေဆဲရှိပါတယ်။ ဒီကနေ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ရဲ့ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က အခုလို ပြောပါတယ်။

“မတ်လ ၂၉ ရက်နေ့က နောက်ဆုံးဖြစ်ပြီးမှ ပြန်ငြိမ်သွားပြီး ဒီမနက် ပြန်ဖြစ်တယ်ခင်ဗျ။ ဖြစ်တဲ့နေရာက ကျောက်မဲမြို့နယ် ပန်ဆိုင်းရွာနဲ့ ကိုးကွက်ရွာကြားမှာဖြစ်တယ်။ မနက် ၆ နာရီ ၄၅ လောက်ကနေ ဖြစ်တာ တိုက်ပွဲကတော့ နာရီဝက်လောက်ပဲ ကြာတယ်။ ထိခိုက်မှုကတော့ ကျနော်တို့ဘက်က မရှိဘူးဗျ။ ဒီအစိုးရတပ်ဘက်ကတော့ ၂ ဦးဒဏ်ရာရပြီး၊ ၂ ဦးကျဆုံးတယ်လို့ သတင်းရပါတယ်။”

အစိုးရတပ်ဘက်က ထိခိုက်တာနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

ကိုးကန့်ဒေသဘက်မှာလည်း ဒီလ ၅ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“၅ ရက်နေ့တုန်းက ဖြစ်ပါတယ်။ တော်တော်လေး ပြင်းထန်ပါတယ်။ ခုတ်ထန်ပတ်ဝန်းကျင်မှာပါပဲ။ နေ့လည် ၂ နာရီ ၁၅ လောက်က စဖြစ်တယ်။ လက်နက်ကြီးနဲ့ပစ်ပြီးတော့ မြေပြင်ကြည်းတပ်က စစ်ကြောင်း ၂ ကြောင်းနဲ့လာပြီးတော့ ထိုးစစ်ဆင်ပါတယ်။ ၁ ကြောင်းကို ၃၀၀ ကျော် ၄၀၀ လောက်ရှိမယ်ဗျ လူအင်အားက။ လက်နက်ကြီးနဲ့ကတော့ နေ့တိုင်းပစ်နေတာပဲ။ မြေပြင်ကြည်းတပ်နဲ့တောင် မတူဘူး။”

လောလောဆယ်မှာ အစိုးရဘက်က တပ်အင်အားတွေ ထပ်မံတိုးလာနေတာကြောင့် ကိုးကန့်ဒေသမှာ တိုက်ပွဲအရှိန် မြင့်လာဖွယ်ရှိတယ်လို့လည်း ဦးထွန်းမြတ်လင်းက သုံးသပ်ပါတယ်။

“အဲတော့ အခု တနိုင်ငံလုံးမှာရှိတဲ့ ခြေလျှင်တို့ ခြေမြန်တို့ဟာ ဒါ ရာခိုင်နှုန်း ၂၀ လောက်ရှိတော့မယ်။ ဒီပုံစံကိုကြည့်ရင်တော့ ဒါက သူတို့က စစ်ရှိန်ကို မြှင့်လာမယ့်ပုံ ရှိပါတယ်။”

ကချင်ပြည်နယ်အတွင်းမှာတော့ စာချုပ်မူကြမ်းလက်မှတ်ထိုးပြီး တပတ်အတွင်းမှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အကြား တိုက်ပွဲ ၄ ကြိမ်လောက် ဖြစ်ခဲ့တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

“အဲဒီ လက်မှတ်ထိုးပြီးတဲ့နောက်မှာ ၄ နေရာလောက်ဖြစ်တယ်လို့ သိရတယ်ခင်ဗျ။ မိုးညှင်းခရိုင်ပေါ့ တပ်ရင်း ၅ နေရာမှာရယ်၊ ဖားကန့်ဘက်မှာရယ်၊ ဗန်းမော်ဂွင်တို့ ဒီမန်စီမြို့နယ်ဘက်တွေမှာရယ်။ နောက်တနေရာကတော့ တပ်ရင်း ၁၁ မိုးကောင်းချောင်းနားမှာ ၅ ရက်နေ့တုန်းကဖြစ်တယ်လေ။ ဒါပေမဲ့ သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ဘူးဗျ။ သွားရင်းလာရင်းနဲ့ လမ်းမှာပက်ပင်းတိုးလို့ ထိပ်တိုက်ရင်ဆိုင်မှုလေးတွေ ဖြစ်တယ်ဆိုတဲ့ သဘောလောက်ပါပဲ။”

မနေ့ကတော့ အစိုးရနဲ့ KIA ရဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေ တွေ့ဆုံပြီးတိုက်ပွဲတွေ လျှော့ချရေးအတွက် ဆွေးနွေးခဲ့တယ်လို့လည်း ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

“ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ KIO နဲ့ ဒီတပ်ကနေပြီးတော့ လျှော့ချနိုင်ဖို့အတွက် မနေ့ကပဲ ကျနော်တို့ ဒီ KIA technical team ရုံးမှာပဲ သွားပြီး ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ပေါ့လေ အဲဒါကို မနေ့ကပဲ ပြန်ပြီး အစည်းအဝေးထိုင်တယ်ပေါ့လေ။ အစည်းအဝေးကို ရပ်လိုက်တာက နိုဝင်ဘာလလောက်ကနေပြီးတော့ ၅ လ ၆ လလောက်ကြာသွားတယ်ဆိုတော့ အဲဒီ ၃၊ ၄၊ ၅ လ အတောအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ နှစ်ဘက်ထိတွေ့မှုလေးတွေကို အပြန်အလှန်ပေါ့လေ ပြောဆိုပြီးတော့မှ ရှေ့ဆက်ပြီး ဒီလိုမျိုးမဖြစ်အောင် နှစ်ဘက်က သေချာဝိုင်းပြီး ထိန်းသိမ်းကြမယ်ဆိုတဲ့ အချက်ကလေးတွေ အဓိက ဆွေးနွေးသွားတာဖြစ်တယ်။”

ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက လိုင်ဇာစစ်သင်တန်းကျောင်းပစ်ခတ်မှုမှာ သင်တန်းသား ၂၀ လောက် သေဆုံးခဲ့ပြီးနောက် ဆွေးနွေးပွဲတွေကို ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီမူကြမ်းလက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဆောင်ရွက်နေချိန်မှာ အခက်အခဲတွေ၊ ပြဿနာတွေ ကြုံတွေ့ရနိုင်ကြောင်းနဲ့ ဒီအခက်အခဲတွေကို နှစ်ဘက် တွေ့ဆုံဆွေးနွေး အဖြေရှာသွားမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ မုဒုံ၊ သထုံ၊ ကျိုက်မရော၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ စတဲ့ မြို့တွေမှာ ငြိမ်းချမ်းရေးထောက်ခံပွဲတွေကို ဆက်တိုက်ကျင်းပနေပြီး တချို့တွေကတော့ လူထုဆန္ဒကိုအခြေမခံဘဲ အစိုးရအစီအစဉ်နဲ့ ဆောင်ရွက်နေတဲ့အပေါ် ဝေဖန်တာတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG