သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် အာရှလမ်းမမှာ ပစ်ခတ်မှုဖြစ်ပွား


ကရင်ပြည်နယ်မြေပုံ
ကရင်ပြည်နယ်မြေပုံ

မနက်ဖြန်မှာဖွင့်လှစ်တော့မယ့် အာရှအဝေးပြေးလမ်းသစ်မှာ ဒီကနေ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မြန်မာအာဏာပိုင်တွေဘက်က ဒီတိုက်ခိုက်မှုကို DKBA ကလိုထူးဝါးဗျူဟာက လုပ်ခဲ့တယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာ နိုင်ငံကြား ကုန်သွယ်ကူးသန်းရာမှာ လမ်းပန်းဆက်သွယ်ရေးအရ အဆင်ပြေစေရေး ဖောက်လုပ်ထားတဲ့ အာရှလမ်းမအသစ်ဖွင့်ဖို့ တစ်ရက်အလိုမှာပဲ အာရှလမ်းသစ်မှာ ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပွားခဲ့တာပါ။ ဒီကနေ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ကော့ကရိတ်မြို့နယ် ခရိုင်ရဲတပ်ဖွဲ့ရုံးက အတည်ပြုပါတယ်။ ကရင်လက်နက်ကိုင်အဖွဲ့ထဲက ဒေသခံတွေအခေါ် ဗိုလ်နားမကြားအဖွဲ့က စတင်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကြားတာတော့ ကျနော်တို့အခေါ်ပေါ့ဗျာ- အာရှလမ်းမကြီး ကော့ကရိတ်မြို့ရဲ့အရှေ့ဘက် ၂ မိုင်ခွဲလောက်မှာရှိတဲ့ တောထဲမှာပေါ့။ တောင်ထုံကုန်း - အဲဒီနားမှာ နယ်ခြားစောင့်တပ် တာဝန်ကျတာကိုး။ အဲဒါကို ဟိုဘက်က ကလိုထူးဝါး ဗျူဟာခွဲမှူး၊ နားမကြားအဖွဲ့၊ နားမကြားအဖွဲ့ထဲက အဆင့်၊ အမည် စုံစမ်းလို့မရသေးဘူး။ လက်နက်ကိုင် တစ်ဦးကနေပြီး ၄၀ မမ လက်နက်နဲ့ ခြောင်းမြောင်းပစ်တာ။ ဒီဘက်ကလည်း လက်နက်ငယ်နဲ့ ပြန်ပစ်တာပေါ့။ အခုတော့ လိုက်စစ်ဆေးနေကြတယ်။ ဟိုကတော့ ပစ်ပြီး ပြေးမှာပေါ့။ ထိခိုက်ဒဏ်ရာရတာတော့ ဘာမှ မရှိပါဘူး။”

အာရှလမ်းမသစ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကတည်းက ဖွင့်လှစ်ဖို့ စီစဉ်ထားကြပေမယ့် ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် DKBA တပ်တွေနဲ့ မြန်မာအစိုးရတပ်တွေ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် ရက်ရွှေ့ဆိုင်းထားခဲ့ရတာပါ။ ဒီနေ့ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒီကေဘီအေဘက်က အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။

အာရှလမ်းသစ်ကို သြဂုတ်လ ၃၁ ရက်နေ့မှာ ဖွင့်ပွဲကျင်းပဖို့ ပြင်ဆင်ထားချိန်မှာ အခုလို ပစ်ခတ်မှုတွေ ထပ်ဖြစ်လာခဲ့တာပါ။ ဒီလို ပစ်ခတ်မှုတွေ ဖြစ်ပေမယ့်လည်း မနက်ဖြန်မှာတော့ အာရှလမ်းသစ်ဖွင့်ပွဲ လုပ်ဖြစ်မှာဖြစ်တဲ့အကြောင်း ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

“…တော့ဖွင့်မယ်။ ဘယ်အချိန်ဖွင့်မယ်တော့ မပြောတတ်ဘူး။”

မြန်မာအစိုးရဘက်ကတော့ အာရှလမ်းသစ်မှာ အခွန်ကောက်နေတဲ့ ကလိုထူးဘော လက်နက်ကိုင်အဖွဲ့ကိုတားမြစ်ရင်း တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ ရကြောင်း ပြီးခဲ့တဲ့လတွေတုန်းက ပြောဆိုထားပါတယ်။ ဇူလိုင်လအတွင်းမှာတော့ ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ခဲ့သလို ကြားအင်းဆိပ်ကြီး မြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲဘက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုပါဝင်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်ရှင်။

XS
SM
MD
LG