သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် NCA နဲ့ရွေးကောက်ပွဲထိခိုက်နိုင်


حضور فاطمه معتمدآریا و ایرج طهماسب در مراسم نوزدهمین جشن خانه سینما<br />
عکس: آرمین کرمی
حضور فاطمه معتمدآریا و ایرج طهماسب در مراسم نوزدهمین جشن خانه سینما<br /> عکس: آرمین کرمی

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ကြား တပြည်လုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ် အပြီးသတ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေချိန်မှာပဲ တိုင်းရင်းဒေသတွေ မှာ တိုက်ပွဲတွေပြင်းထန်ပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေဖြစ်နေ ပါတယ်။ ဒီစစ်ရေး တင်းမာမှုတွေကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် နယ်မြေတွင်း ပါတီစည်းရုံးရေးလှုပ်ရှားမှုတွေကို လက်နက်ကိုင် အဖွဲ့တွေဘက်က ပိတ်ပင်မှုတွေနဲ့ အတူ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုံခြုံရေးက စိုးရိမ်စရာ အနေအထားမှာ ဖြစ်နေပါတယ်။ တိုင်းရင်းဒေသတွေက ပို-တိုးလာတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အခက်အခဲ ဒုက္ခတွေ ကြုံတွေ့နေရတဲ့ အခြေအနေ အသေးစိတ်ကို ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

အခုဆိုရင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပလောင်အပါအဝင် တိုင်းရင်းဒေသ အချို့မှာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲဖြစ်တဲ့ အကြိမ်ရေ များ လာနေပြီး စစ်ရေးတင်းမာမှု အရှိန်ကမြင့်တက် လာနေပါတယ်။ လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ကို ချန်လှပ်ပြီးတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး NCA စာချုပ်ကို လက်မှတ်မရေးထိုးဘူးလို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးကလည်း ဒီကနေ့ ကြေညာလိုက်ပါတယ်။ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်TNLA ပြောခွင့်ရ မိုင်းအိုက်ကျော်က-

“အစိုးရဘက်ကတော့ အပစ်ရပ်ဖို့ကတော့ ၁၅ ဖွဲ့နဲ့အရင်ထိုးမယ်၊ ကျန်တဲ့ အဖွဲ့တွေ နောက်မှလိုက်ထိုး။ တချို့ကျတော့ ထိုးလို့မရသေးဘူး-တဲ့။ သူတို့က သဘောထားတွေ အမျိုးမျိုး ဆက်ရှိနေသေးတယ်။ ဘယ်အဖွဲ့ပဲကျန်ကျန် တိုက်ပွဲက ဆက်ဖြစ်နေလို့ရှိရင်တော့ -အစိုးရကတော့ - သူ့ရဲ့နာမည်ကိုက ‘တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး’-လို့ ခေါ်တယ်။ ဒါပေမယ့် တချို့အဖွ့ဲတွေကျတော့ ကျန်ခဲ့မယ်။ ဒါဆိုရင်တော့ တိုက်ပွဲတွေက တောက်လျှောက်ဖြစ် လာမယ်၊ တောက်လျှောက်ဖြစ်လာလို့ရှိရင်တော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်လို့ မခေါ်နိုင်တော့ဘူး။”

ရှမ်းပြည်နယ်အတွင်းမှာလည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA တောင်ပိုင်း တပ်နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ သလို မြန်မာတပ် ဘက်ကလည်း စစ်အင်အားတွေ တိုးချဲ့လာနေလို့ နယ်မြေအတွင်းမှာ စစ်ရေး တင်းမာမှု အရှိန်ကမြင့်နေဆဲ အနေအထားမှာဖြစ်နေတယ်လို့ SSA တောင်ပိုင်းတပ်က ဗိုလ်မှူးကြီးစိုင်းလကပြောပါတယ်။

“အစိုးရတပ်နဲ့ ကျနော်တို့တပ်ကတော့ တိုက်ပွဲတွေဖြစ်ဖို့ တိုက်ဖို့ခိုက်ဖို့က ရာခိုင်နှုန်းများ တယ်-လို့ ကျနော်တို့ အဲလို သုံးသပ်နိုင်ပါတယ်။ ကျေးလက်ဒေသမှာ စစ်ကြောင်းတွေ၊ တိုက်ကင်းတွေ ကျေးလက်ဒေသမှာ မြို့ပြမဟုတ်တဲ့နေရာမှာ လှု့ပ်ရှားနေတာကို ကျနော်တို့ တွေ့ရပါတယ်။ စစ်ကြောင်းထွက်လာတာ ပိုများတယ်။ နယ်မြေလုံခြုံရေး၊ နယ်မြေ ရှင်းလင်းရေး အတွက်လည်း စီမံချက်နဲ့ ပက်ထရို (Patrol) လှည့်နေတာ ပိုများလာတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒါကြောင့် ကျနော်တို့ တပ်တွေနဲ့ တောထဲမှာ တိုးမိ -ဆုံမိပြီးတော့ တိုက်ပွဲဖြစ်ရခြင်းပဲ ဖြစ်ပါတယ်။

လူကြီးပိုင်းက အပစ်အခတ်ရပ်စဲရေး ကိစ္စ ဆွေးနွေးနေကြ တယ်။ ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့်မှာလည်း ကျနော်တို့ အပစ်အခတ်ရပ်စဲရေးတွေ သုံးကြိမ် တိုင်တိုင် လုပ်ခဲ့ပြီးပြီ။ သဘောတူညီချက်တွေလည်း သုံးဆယ့် တစ်ချက်တောင် ရခဲ့ပြီးပြီ။ သို့သော်လည်းပဲ ဒီနေ့ထက်ထိ တိုက်ပွဲပေါင်း ၂၀၀ လောက် နီးပါး ကျနော်တို့ တိုက်ပွဲ ဖြစ်ခဲ့ရတယ်။ ယနေ့ထက်ထိ တိုက်ပွဲတွေ လည်း ဖြစ်နေတယ်။ NCA ထိုးဖို့ဆိုတာက ကျနော်တို့မှာ အသင့်ဖြစ်ပါပြီလို့လည်း ပြောပါတယ်။ ….ဆိုတော့ အပစ်အခတ်ရပ်စဲရေးလည်း လက်မှတ် ထိုးမယ်၊ ထိုးမယ် ဆိုပြီးပြောနေတဲ့ကြားမှာပဲ တိုက်ပွဲတွေ ကလည်း ဖြစ်ဖြစ်လာတယ် ဆိုတော့ ကျနော်တို့တပ်သားတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ အနေအထားတော့ ရှိပါတယ်လို့ ပြောလို့ရပါတယ်။”

မြန်မာတပ်နဲ့ ကချင်လွတ်မြောက်ရေး KIA တပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေ ဆဲဖြစ်တဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီနဲ့ မိုင်းခေါင် ဒေသတွေမှာတော့ နယ်မြေအတွင်း အစိုးရတပ်ဘက်က လုံခြုံရေးတင်းကျပ်ထားပါတယ်။ ဒါကြောင့် သွားလာရေး ခက်ခဲနေတဲ့ စစ်ဘေးရှောင်ဒေသခံပြည်သူတွေအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကူအညီတောင်းခံဖို့ ကြိုးစားနေကြတယ်လို့ မိုင်းခေါင် ကျေးရွာ တာဝန်ခံ ဦးဇဘောင်နော်ကပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ TNLA အဖွဲ့နယ်မြေအတွင်း ကျေးရွာတစ်ရွာက ကလေးငယ်တစ်ဦး။
ရှမ်းပြည်တောင်ပိုင်း၊ TNLA အဖွဲ့နယ်မြေအတွင်း ကျေးရွာတစ်ရွာက ကလေးငယ်တစ်ဦး။

“အခုထိ လက်နက်ကြီးတော့ ထုတုန်း၊ အခု နည်းနည်းထူးခြားလာတာကတော့ ကျနော်တို့ မိုင်းခေါင် အုပ်စုရဲ့ ရပ်ကွက်(၂)- အင်ခါနန်- လို့ ပြောပါတယ်။ အဲဒီရပ်ကွက်က လူတွေက နေလို့မရတော့ဘူး။ အစိုးရစစ်တပ် ဘက်က မောင်းထုတ်ပြီးမှ အိမ်ကို တစ်ယောက်မှ မလာနဲ့ပေါ့-အဲလိုမျိုး ပြောနေပါတယ်။ အဲဒီမှာ မိုင်းထောင်ထားပါတယ်။ နွားတွေ ထွန်တဲ့နေရာမှာ မိုင်းထောင်ထားပါတယ်။ အဲဒါကြောင့် ရွာသားတွေကို အဲဒီကို မလာခိုင်းစေချင်တဲ့ အလားအလာ ဖြစ်နေတယ်။ အခု လယ်တောကို သွားခွင့်မပြုတဲ့ အနေအထားဖြစ်နေတယ်။ လယ်တောကိုသွားတဲ့လူ မျက်နှာမမြင်ချင်ဘူး-လို့ အဲလိုမျိုး ပြောပြီးမှ သူတို့က ပစ်သတ်လိုက်မယ်ဆိုပြီးမှ အဲလို အနေအထားဖြစ်နေ ပါတယ်။ အဲဒါကြောင့် တအားတင်းမာနေတဲ့ အခြေအနေ ဖြစ်တယ်။

အခုကျနော်တို့ အုပ်ချုပ်ရေးမှူးရော၊ နာယကအဖွဲ့အစည်းတွေရော၊ ဘုန်းကြီးတွေရော၊ ဘာသာရေးသုံးဖွဲ့က ဆုံပြီးမှ အခု ဒီမှာ အစည်းအဝေးထိုင်နေပါတယ်။ အဲဒါ စစ်တပ်ကနေ ဘက်နက် ဆင်းမထိုးပေးဖို့၊ ရွာမှာ လက်နက်ကြီးမထိုးဖို့၊ ပြီးတော့ ရွာမှာ ရမ်းပြီးမှ မပစ်ဖို့၊ အဲဒါတွေ ကျနော်တို့က ဒီမှာ တာဝန်ကျတဲ့ တပ်ရင်းမှူးတွေကို ကျနော်တို့က အသနားခံဖို့အတွက် စီစဉ်နေပါတယ်။ မနက်ဖြန် တက်.ဖို့အတွက် စီစဉ်ထားပါတယ်။ အဲဒါ အခြေအနေကတော့ နည်းနည်းတင်းမာလာမယ့် အခြေအနေ ဖြစ်နေတယ်။”

ဒီလိုမျိုး တိုင်းရင်းသားနယ်မြေတွေထဲက စစ်ရေးတင်းမာနေဆဲ အခြေအနေတွေကြောင့် ဒေသတွင်း လုံခြုံရေး စိုးရိမ်ရလို့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးတွေ မလုပ်ဖို့ ဆက်ပြီးတော့ တားမြစ်ထားဆဲ အနေအထားဖြစ် တယ်လို့လည်း RCSS/SSA တောင်ပိုင်းတပ်က ဗိုလ်မှုူးကြီး စိုင်းလ က ပြောပါတယ်။

တအောင်းပလောင်အဖွဲ့ အနေနဲ့ကတော့ ၂၀၀၈ အခြေခံဥပဒေကို အခြေခံ ထားတဲ့၂၀၁၅ ရွေးကောက်ပွဲကို မထောက်ခံပေမဲ့လို့ နယ်မြေထဲမှာ နိုင်ငံရေးပါတီတွေ လာရောက် မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေကို ကန့်ကွက်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ ဒါပေမဲ့လို့ လူမျိုး တမျိုးနဲ့တမျိုး ပဋိပက္ခ ဖြစ်စေမယ့် ပလောင်လူမျိုး ကို နှိမ့်ချ ပုတ်ခတ်စော်ကားတဲ့ အသုံးအနှုံးနဲ့ ဟောပြောမှုတွေကိုတော့ လက်ခံမှာမဟုတ်ဘူးလို့ တအောင်း ပလောင်ဝ်တပ်ဘက်က ပြောပါတယ်။

ဒါကြောင့် အစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကြား တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA အပြီးသတ် ချုပ်ဆိုနိုင်ရေး ငြိမ်းချမ်းရေးကြိုးပမ်းချက်က အောင်မြင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ အတူ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပဖို့ပြင်ဆင်နေတဲ့ လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ စစ်ရေးတင်းမာနေတဲ့ တိုင်းရင်းဒေသတွေမှာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာနေပါတယ်။

XS
SM
MD
LG