သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးစုပ်တဲ့ ကြမ်းပိုး ပိုးသတ်ဆေး မတိုး


ကြမ်းပိုး။
ကြမ်းပိုး။

အရုပ်ဆိုးပြီး သွေးစုပ်ယူတတ်တဲ့ အိပ်ယာထဲက ကြမ်းပိုးတွေဟာ သူတို့ကိုနှိမ်နင်းဖို့ အများဆုံး အသုံးပြုလေ့ရှိတဲ့ ပိုးသတ်ဆေးတွေကို ခံနိုင်ရည်ရှိလာနေတယ်လို့ သုတေသီတွေက ပြောပါတယ်။ အချို့သော စီးပွားဖြစ်အသုံးတဲ့ ဓာတုဗေဒ ပစ္စည်းတွေကို အလွန်အကျွံ အသုံးပြုကြတာကြောင့် ပိုးမွှားတွေဟာ အဲဒီ ဓါတု ဒြပ်ပေါင်းတွေ ကို ပိုပြီး ခံနိုင်ရည် ရှိလာနေတာဖြစ်တယ်လို့ ဗာဂျီးနီးယား တက်ခ် တက္ကသိုလ် နဲ့ နယူးမက္ကဆီကို ပြည်နယ် တက္ကသိုလ်က သုတေသီတွေ က ပြောကြောင်း Journal of Medical Entomology မဂ္ဂဇင်းမှာ ရေးသားထား ပါတယ်။

သုတေသီတွေဟာ ကြမ်းပိုးတွေကို နှိမ်နင်းရာမှာ အများဆုံးအသုံးပြုတဲ့ neonicotinoids,လို့ ခေါ်တဲ့ ပိုးသတ်ဆေးတွေကို အဓိကထားပြီး လေ့လာကြည့် ခဲ့ကြတာဖြစ်ပါတယ်။ ကြမ်းပိုးတွေရဲ့ ခံနိုင်ရည် အဆင့်ကို ဆုံးဖြတ်ဖို့၊ သုတေသီတွေ ဟာ နေရာအများအပြားက နမူနာ ပိုးကောင်တွေကို ရယူခဲ့ကြပါတယ်။ အချို့ အကောင်တွေကို neonicotinoids ပိုးသတ်ဆေးနဲ့ ထိတွေ့စေပြီး၊ အချို့ကိုတော့ ထိတွေ့မှု မရှိစေပဲ ဓါတ်ခွဲခမ်းထဲမှာ သီးခြားစီထားခဲ့ပါတယ်။ အခြား အုပ်စု တစ်ခုမှာတော့ ပိုးကောင်တွေကို ၂၀၀၈ခုနှစ်ကတည်းက ပိုးသတ်ဆေးနဲ့ မထိတွေ့စေတော့ပဲ ထားပါတယ်။

ပိုးသတ်ဆေးနဲ့ ထိတွေ့မှုမရှိတဲ့ အကောင်တွေဟာ ပိုးသတ်ဆေး အနည်းငယ်နဲ့ ထိတွေ့ရုံနဲ့ သေဆုံးကြပြီး၊ ၂၀၀၈ ခုနှစ် နောက်ပိုင်း ထိတွေ့မှုမရှိတဲ့ အကောင်တွေ ကတော့ အလယ်အလတ်အဆင့် ခံနီုင်ရည်ရှိကြပြီး၊ ပိုးသတ်ဆေးနဲ့ အမြဲထိတွေ့နေတဲ့ အုပ်စုက အကောင်တွေကတော့ အလွန်မြင့်မားတဲ့ ခံနိုင်ရည် ရှိတာ တွေ့ရတယ်လို့ သုတေသီတွေက ပြောပါတယ်။

Neonicotinoids ပိုးသတ်ဆေးနဲ့ ထိတွေ့တဲ့အခါ ကြမ်းပိုးတွေဟာ ဓါတု ဗေဒ ပစ္စည်းတွေရဲ့ သက်ရောက်မှုကို တိုက်ဖျက်ဖို့ အဆိပ်ချေဖျက်ပေးတဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပါတယ်။ ပိုးသတ်ဆေးနဲ့ အချိန်ကြာကြာထိတွေ့မှုရှိတဲ့ ကြမ်းပိုးတွေဟာ အခြားကြမ်းပိုးတွေ ထက်စာရင် အဲဒီအင်ဇိုင်းတွေကို ပိုပြီး များများ ထုတ်လုပ် လာနိုင်တာ ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီသွေးစုပ်ယူတဲ့ အင်းဆက်တွေ ကို နှိမ်နှင်းဖို့အတွက် အခြားသော နည်းလမ်းတွေ ရှာဖွေဖို့ လိုလာပြီလို့ သုတေသီတွေက ပြောပါတယ်။

XS
SM
MD
LG