သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Belgium မှာ အဆင့်မြင့်လုံခြုံရေး သတိပေးချက်ထုတ်ပြန်


Zaventem နိုင်ငံတကာလေဆိပ်မှာ ဘယ်လ်ဂျီယံတပ် သားတွေ လုံခြုံရေး ကင်းလှည့်
Zaventem နိုင်ငံတကာလေဆိပ်မှာ ဘယ်လ်ဂျီယံတပ် သားတွေ လုံခြုံရေး ကင်းလှည့်

ဘယ်လ်ဂျီယံအာဏာပိုင်တွေက တနင်္လာနေ့မှာ နိုင်ငံရဲ့ မြို့တော်အတွင်း လုံခြုံရေး သတိပေးမှု အမြင့်ဆုံးအဆင့် ဆက်လက်ထားရှိလိုက်ပါတယ်။ စိုးရိမ်ရပြီး ဖြစ်နိုင်ခြေ ရှိတဲ့ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်တဲ့ ခြိမ်းခြောက်မှုတွေကြောင့် ကျောင်းတွေကို ပိတ်ထားလိုက်တယ်လို့ တနင်္ဂနွေနေ့ အမျိုးသားလုံခြုံရေးကောင်စီ အစည်းေ၀ ကျင်းပ ပြီးချိန်မှာ ဝန်ကြီးချုပ် Charles Michel ကပြောပါတယ်။

တိုင်းပြည်ရဲ့ တခြားနေရာဒေသတွေကိုတော့ ခြိမ်းခြောက် ခံရမှု အဆင့် လေးဆင့် ရှိတဲ့အနက် အဆင့် (၃) မှာ ထားရှိပါတယ်။

မကြာသေးခင်က ပြင်သစ်နိုင်ငံ ပဲရစ် မြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်စပ်နေတဲ့ သံသယရှိသူတော်တော်များများကို ဘယ်လ်ဂျီယံ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက လိုက်လံရှာဖွေနေတယ်လို့ ထိပ်တန်းအရာရှိတဦးက တနင်္ဂနွေနေ့ မှာ ပြောဆိုပါတယ်။ Brussels မြို့တော်တဝိုက်ကို ပိတ်ဆို့ထားပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေအများအပြားက ကင်းလှည့်နေကြပါတယ်။ မြို့တော်ရဲ့ မြေအောက် ရထားလမ်း ဆက်သွယ်ရေးကိုလည်း တနင်္လာနေ့မှာ ဆက်လက် ပိတ်ထားပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ လူပေါင်း ၁၃၀ သေကြေခဲ့ရတဲ့ ဗုံးဖေါက်ခွဲမှုတွေ ပစ်ခတ် တိုက်ခိုက်မှုတွေကို ကြိုးကိုင်စီစဉ်ခဲ့သူလို့ သံသယရှိတဲ့ Salah Abdeslam ဟာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးပြီးချင်း ဘယ်လ်ဂျီယံ နိုင်ငံဖက်ကို ဝင်ရောက်လာ ခဲ့တယ်လို့ ယုံကြည်ရပြီး သူနဲ့ အတူ IS အစ္စလာမ်မစ် စစ်သွေးကြွတွေက သူတို့ လုပ်ဆောင်တာပါလို့ ကြေညာထားတဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ တိုက်ခိုက်မှုနဲ့ ဆက်နွယ် နေသူတွေကို အာဏာပိုင်တွေက လိုက်လံရှာဖွေနေတယ်လို့ ဘယ်လ်ဂျီယံ ပြည်ထဲရေးဝန်ကြီး Jan Jambon က ပြောပါတယ်။

လက်နက်တွေ ဖေါက်ခွဲရေး ပစ္စည်းတွေ ကိုင်ဆောင်ထားတဲ့ သူတဦးချင်းစီကလည်း မြို့တော်ရဲ့ တနေရာရာ ဒါမှမဟုတ် တနေရာထက်မက မြို့တော်တဝိုက်မှာ တိုက်ခိုက် နိုင်ခြေရှိတယ်လို့ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်က သတိပေးလိုက်ပါတယ်။

ဝန်ကြီးချုပ် Michel ရဲ့ သတိပေးချက်က Abdeslam အနေနဲ့ မြို့တော်အတွင်း အသေခံ ဗုံးခွဲတိုက်ခိုက်မှု စီစဉ်လုပ်ဆောင်နိုင်ခြေရှိကြောင်း ယုံကြည်ရတဲ့ သတင်း အချက်လက်တွေကို အခြေခံပြီး ပြောဆိုတာဖြစ်တဲ့ အကြောင်း အာဏာပိုင်တွေက VOA ကို ပြောပါတယ်။

XS
SM
MD
LG