သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Brussels ဗုံးခွဲမှုတွေအပေါ် ကန်သမ္မတကိုယ်စားလှယ်လောင်းတွေ တုံ့ပြန်


အမေရိကန်သမ္မတကိုယ်စားလှယ်လောင်း ယှဉ်ပြိုင်မှုမှာ ထိပ်ကပြေးနေတဲ့ ပုဂ္ဂိုလ်တွေက ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်မြို့မှာ လူသေဆုံးမှုတွေရှိခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်ပိုင်း - ချက်ခြင်းဆိုသလိုပဲ - အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို အကောင်းဆုံး ဘယ်လိုနည်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းသင့်တယ်ဆိုပြီး အယူအဆအမျိုးမျိုးကို ပြောဆိုခဲ့ကြပါတယ်။
ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်တွေကြား ရှေ့ကပြေးနေတဲ့ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလီယံနာသူဌေးကြီး Donald Trump က - ပြီးခဲ့တဲ့ သီတင်းပတ်က ဘယ်လ်ဂျီယံမှာ ဖမ်းမိခဲ့တဲ့ ပဲရစ်အကြမ်းဖက်သမား - Salah Abdeslam ကို ညှဉ်းပန်းနှိပ်စက်တာ အပါအဝင် ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းတဲ့ နည်းတွေကို အာဏာပိုင်တွေက သုံးခဲ့မယ်ဆိုရင် အနည်းဆုံး ၃၁ ယောက်သေဆုံးပြီး၊ နောက်ထပ်လည်း ၂၇၁ ယောက် ဒဏ်ရာတွေ ရရှိခဲ့တဲ့ ဘရတ်ဆဲလ်မြို့က အကြမ်းဖက်တိုက်ခိုက်ခံရမှုကို ကာကွယ်နိုင်တယ်လို့ ပြောဆိုခဲ့တာပါ။
Abdeslam ဟာ စုံစမ်းစစ်ဆေးသူတွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားခဲ့တဲ့အကြောင်း သတင်းတွေထွက်ခဲ့ပေမဲ့ - မစ္စတာ Trump က - ညှဉ်းပန်းနှိပ်စက်မှပဲ မြန်မြန်ဆန်ဆန် ဖြေလိမ့်မယ်လို့ CNN ရုပ်သံကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz ကတော့ - al-Qaida နဲ့ IS အစွန်းရောက်အုပ်စုတွေ အားကောင်းတဲ့ နိုင်ငံတွေကနေ နောက်ထပ် ဒုက္ခသည်တွေ အမေရိကန်ပြည်ထောင်စုကို ဝင်ခွင့်ပြုဖို့ကိစ္စ ရပ်ဆိုင်ထားဖို့ တောင်းဆိုခဲ့ပါတယ်။ အမေရိကန် လုံခြုံရေးတပ်ဖွဲ့ တွေအနေနဲ့လည်း- အမေရိကန်က မူဆလင်တွေ အစွန်းရောက်ဝါဒ သွတ်သွင်းမခံရခင် - မူဆလင် ရပ်ကွက်တွေမှာ စောင့်ကြည့် ကင်းလှည့် စစ်ဆေး တာတွေ လုပ်ခွင့်ပေးဖို့ လိုအပ်တယ်လို့လည်း အထက်လွှတ်တော်အမတ် Ted Cruz က ပြောဆိုခဲ့တာပါ။
မူဆလင်တွေ အမေရိကန်ထဲ ဝင်ရောက်မှုကို ယာယီတားမြစ်ဖို့ တောင်းဆိုခဲ့ဖူးတဲ့ မစ္စတာ Trump က - မူဆလင်အသိုင်းအဝိုင်းတွေကို စောင့်ကြည့်ဖို့ Ted Cruz ရဲ့ အယူအဆဟာ မှန်ကန်တယ်လို့ ယူဆကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီဘက်မှာ ရှေ့ကပြေးနေသူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်ကတော့ - Donald Trump ရဲ့ ပြောဆိုချက်ကို ရှုတ်ချခဲ့ပြီး၊ သမ္မတတယောက်အဖြစ် တင်မဟုတ်ဘဲ - နိုင်ငံတော်စစ်သေနာပတိချုပ် အဖြစ်လည်း တာဝန်ယူရမယ့်သူ တယောက်ကို ရွေးချယ်ရမယ့် အချိန်မှာ၊ လူတွေအထိတ်တလန့်ဖြစ်အောင် လှုံ့ဆော်တဲ့ ခေါင်းဆောင်မျိုး မရှိသင့်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG