သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်အရှေ့မြောက်ခြမ်း တိုက်ပွဲတွေ ဆက်ဖြစ်နေ


ကိုးကန့်တပ်ဖွဲ့
ကိုးကန့်တပ်ဖွဲ့

တရုတ်နယ်စပ်အနီးက ကိုးကန့် လက်နက်ကိုင်တပ်စခန်းကို မြန်မာ့တပ်မတော်က ဒီကနေ့မှာ အပြင်းအထန် ထိုးစစ်ဆင်နေသလို ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ထဲက တအာန်းပလောင်တပ်တွေကိုလည်း တပြိုင်နက်တည်း ထိုးစစ်ဆင်နေပါတယ်။ ကချင်ပြည်နယ် မန်စီမြို့နယ်ထဲက ကိုက်ထိပ် ကျေးရွာတဝိုက်မှာလည်း ကချင်လက်နက်ကိုင်တပ် ကေအိုင်အေနဲ့ မြန်မာ့တပ်မတော်ကြား စစ်ရေးတင်းမာမှုရှိနေပါတယ်။ အသေးစိတ် မသိင်္ဂီထိုက်က စုစည်းတင်ပြပေးထားပါတယ်။

အရင်တုန်းက မြန်မာအစိုးရနဲ့ အပစ်ရပ်စဲခဲ့ဖူးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုးကန့်လက်နက်ကိုင် MNDAA ရဲ့ တုန်းချမ်းနဲ့ ရှင်ခုတ်ထန်ဒေသမှာ ရှိတဲ့စခန်းကို မြန်မာ့တပ်မတော်က ဒီကနေ့မှာလည်း ထိုးစစ်ဆင်ခဲ့ပါတယ်။ တရုတ်နယ်စပ်နဲ့ တမိုင်ကျော်ကျော်ပဲဝေးတဲ့ ရှင်ခုတ်ထန်ဒေသ ထိုးစစ်မှာတော့ မြန်မာ့တပ်မတော်ဘက်က လေကြောင်းအသုံးမပြုဘူးလို့လည်း ကိုးကန့်လက်နက်ကိုင်တပ် MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“မနက် ၈ နာရီကနေ စပါတယ်ခင်ဗျ ။ ညနေ ၆ နာရီ အထိပေါ့။ လက်နက်ကြီးနဲ့ အရင်ပစ်၊ မြေပြင်ကနေ ကြည်းတပ်က ထိုးပေါ့။ လက်နက်ကြီးနဲ့ ပစ်လိုက် ထိုးလိုက်နဲ့က ၈ ကြိမ်တိတိလောက် လုပ်ပါတယ်။ ကျနော်တို့ဘက်ကနေပြီးတော့မှ အနည်းအကျဉ်းဒဏ်ရာရတာ ၄ ယောက်ရှိပါတယ် ခင်ဗျ။ တဘက် ကတော့ ထိခိုက်ဒဏ်ရာရတာနဲ့ ကျတာနဲ့ ရှိပါတယ်။ ဒါပေမယ့် အရေအတွက် မသိရသေးပါဘူး ခင်ဗျ။ ကျနော်တို့က ခံစစ်ပါခင်ဗျ။ ကျနော်တို့ စခန်းလည်း ဒီတိုင်းပဲ ရှိပါတယ်။ ကျနော်တို့ လက်ထဲမှာပါပဲ။”

ကိုးကန့်ဒေသတိုက်ပွဲတွေက နှစ်လနီးပါး ကြာမြင့်လာပြီဖြစ်ပြီး အခုချိန်ထိလည်း ပြေငြိမ်းမယ့် အလားအလာ မရှိသေးပါဘူး။ မြန်မာ့တပ်မတော်ကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေထဲမှာ တပ်အင်အားတိုးချပြီး ဒီရက်ပိုင်း အတွင်းမှာဘဲ ထိုးစစ်တွေကို အရှိန်မြှင့်လာတာ ဖြစ်ပါတယ်။ ကိုးကန့်ဒေသကို တိုက်ခိုက်နေတဲ့တချိန်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲထဲက တိုင်းရင်းသား လက်နက်ကိုင် တအာန်းတပ်တွေကိုလည်း ထိုးစစ်ဆင်ခဲ့ပါတယ်။ TNLA တအာန်းပလောင် တပ်ရဲ့ပြောခွင့်ရ တာအိုက်ကျော်ကတော့ ဒီကနေ့ တိုက်ပွဲ အခြေအနေကို အခုလို ပြောပြပါတယ်။

“အထူးသဖြင့် ဒီကနေ့ ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ ဒေသတွေမှာ ဖြစ်တယ်။ ပထမ တကြိမ်လည်း အဲဒီနားဘဲ။ နမ့်ဖာ ကျေးရွာနဲ့ နမ့်မော ကျေးရွာကြားမှာ တကြိမ်ဖြစ်တယ်။ အဲမှာတော့ သိပ်ပြီး မကြာဘူး။ ၃ နာရီကျော်ကျော်ကနေ ၄ နာရီထိပေါ့နော် တနာရီနီးပါး တကြိမ်ဖြစ်တယ်။ နောက်ထပ် ၄ နာရီကနေ ၄ နာရီခွဲလည်း တာမိုးညဲ မရောက်ခင် နမ့်မိုဟမ် နားမှာ တကြိမ်ပြန်ဖြစ်တယ်။”

ရှမ်းပြည် မြောက်ပိုင်းက တအာန်း ပလောင် ဒေသတဝိုက်တိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေလည်း စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။ တချိန်တည်းမှာဘဲ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ကို ဆက်သွယ်ရာ နမ့်ခမ်း- ဗန်းမော်လမ်းမကြီးပေါ်က ဆက်သွယ်ရေး အရ ဗျူဟာကျတဲ့ ကိုက်ထိပ်ရွာနားက ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA ရဲ့ ရှေ့တန်း စခန်းတွေကိုလည်း မြန်မာ့တပ်မတော်က ထိုးစစ်ဆင်နေတာ သီတင်း ၁ ပတ်နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ အကြိုညှိနှိုင်းရေးကော်မတီ ပြောခွင့်ရ ဦးဒေါင်ခါးကတော့ ကချင်ဒေသ စစ်ရေး အခြေအနေကို အခုလို ပြောပါတယ်။

“ကိုက်ထိပ်အောက် ရောက်သွားပြီ။ အရှေ့တောင်ဘက် ကျတာပေါ့ ကိုက်ထိပ်ရဲ့။ ဖြစ်တာတော့ ဖြစ်တယ်လို့ ပြောတာဘဲ။ ရှေ့တန်းက Report အရတော့။ ဒါပေမယ့် ဘယ်ပုံ ဘယ်နည်း ဖြစ်တယ်ဆိုတာကတော့ ကျနော်တို့လည်း တိုက်ပွဲဆိုတော့ အချိန်ပြည့် မစုံစမ်းနိုင်ဘူးလေ။ ကိုက်ထိပ်က ဒီ ကျနော်တို့ တပ်မဟာ ၃ နဲ့ နီးတာပေါ့ဗျာ။”

မြန်မာ့ တပ်မတော်က ထိုးစစ်ဆင်နေတဲ့ နမ့်ခမ်း - ဗန်းမော် လမ်းမကြီးကို ကေအိုင်အေဘက်က ဖွင့်ပေးဖို့ အရင် ဆွေးနွေးပွဲတွေမှာ မြန်မာအစိုးရဘက်က တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း ပြောခွင့်ရ ဦးဒေါင်ခါးက ပြောပါတယ်။

“ဒီ ကိုက်ထိပ်လမ်းကြောင်းက ကျနော်တို့ ဒီမြစ်ကြီးနား ဆွေးနွေးပွဲလုပ်တဲ့အချိန်ကတည်းက သူတို့က ဖွင့်ပေးဖို့ ပြောတာပေါ့။ ဒါပေမယ့် ကျနော်တို့ ကေအိုင်အို Propose (ကမ်းလှမ်း) တဲ့ဟာက ဒီကိုက်ထိပ် လမ်းကြောင်းတခုတည်း မဟုတ်ဘဲနဲ့ ပြည်သူလူထုသွားတဲ့ လမ်းမအားလုံးကို ဖွင့်ရအောင်လို့ ကျနော်တို့က အဲလို ညှှိတယ်။ အဲဒီလမ်းမတွေက ဖွင့်သလိုလိုနဲ့ သူတို့က ကျနော်တို့ ကေအိုင်အေ တပ်စခန်း၊ တပ်ရင်း၊ တပ်မ ရှိတဲ့ လမ်းကြောင်းတွေကို အားလုံး ပြန်ပိတ်တယ်။ လမ်းမကြီးတော့ ဖွင့်တယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ဆက်သွယ်သွားလာတဲ့ လမ်းကြောင်းအားလုံးကို ပြန်ပိတ်ပေးတယ်။ အဲလိုမျိုးတွေ ဖြစ်နေတယ်။ ဆိုတော့ အခု ဒီ ဗန်းမော်- ကိုက်ထိပ်- မံဝိန်းကြီး- နမ့်ခမ်း လမ်းက Strategic Communication Line ( ဗျူဟာကျတဲ့ ဆက်သွယ်ရေး လမ်းကြောင်း) ထဲမှာ ပါတယ်။ ဆိုတော့ အဲဒါကို သူတို့က မရမက တိုက်ချင်တဲ့ သဘောပါဘဲ။ ဟို သစ်မှောင်ခိုဆိုတာက ခေါင်းစဉ်တပ်တာပေါ့ဗျာ။ ဒါကြောင့်မို့ အဲဒီ နယ်မြေဒေသတွေကို သူတို့ ရာနှုန်းပြည့် စိုးမိုးရေးရနိုင်ဖို့ ကြိုးစားနေခြင်းဖြစ်တယ်လို့ အဲလို နားလည်တယ်။”

မြန်မာ့တပ်မတော်ရဲ့ သီတင်းတပတ်ကြာ ထိုးစစ်ကြောင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကိုက်ထိပ်ကျေးရွာအနီးက ကေအိုင်အေ ရှေ့တန်း စခန်းတချို့ကို ကေအိုင်အေဘက်က ဖယ်ရှားပေးခဲ့ရပေမယ့်လည်း မြန်မာ့တပ်မတော်ဘက်က ရေရှည်မှာ ဒီစခန်းတွေကို ထိန်းသိမ်းနိုင်ဖို့ မလွယ်ဘူး လို့လည်း ကေအိုင်အိုက ပြောပါတယ်။ ကေအိုင်အေအနေနဲ့က လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ မြန်မာအစိုးရကြား အပစ်ရပ်ရေး ဆွေးနွေးပွဲကာလအတွင်း ပျော့ပြောင်းတဲ့ ခံစစ်ဗျူဟာကို ကျင့်သုံးသွားမယ်လို့လည်း ပြောခွင့်ရ ဦးဒေါင်ခါးက ပြောပါတယ်။

XS
SM
MD
LG