သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်းတည့်နေအမှု မီဒီယာဥပဒေနဲ့စီရင်သင့်


ပန်းဘဲတန်းမြို့နယ်ကနေ အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရတဲ့ ဘိုင် မွန်းတည့်နေ ဂျာနယ်သတင်းထောက်တွေကို ရုံးထုတ်ချိန်။ (အောက်တိုဘာ ၁၆၊ ၂၀၁၄)
ပန်းဘဲတန်းမြို့နယ်ကနေ အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရတဲ့ ဘိုင် မွန်းတည့်နေ ဂျာနယ်သတင်းထောက်တွေကို ရုံးထုတ်ချိန်။ (အောက်တိုဘာ ၁၆၊ ၂၀၁၄)

နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ)နဲ့ Bi မွန်းတည့်နေဂျာနယ် ထုတ်ဝေသူ၊ အယ်ဒီတာအဖွဲ့နဲ့ သတင်းထောက်ကို ထောင်ဒဏ်နှစ်-နှစ် ချမှတ် လိုက်တဲ့ ကိစ္စအပေါ် မီဒီယာဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ သတင်းစာနယ်ဇင်းအသင်းအဖွဲ့တွေက ကြေညာချက် အသီးသီး ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ သတင်းမီဒီယာနဲ့ မဏ္ဍိုင်သုံးရပ်၊ စစ်တပ်တို့ကြားမှာ နားလည်မှု တည်ဆောက်နေချိန် အခုလို သတင်းသမားတွေ အပေါ် ပြစ်ဒဏ်ချ အရေးယူလိုက်တဲ့အပေါ် နှစ်ဘက် ယုံကြည်မှု ပျက်ပြားစေနိုင်တယ်လို့လည်း သတင်းမီဒီယာ တာဝန်ခံတွေက သုံးသပ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MCDF) ရဲ့ ကြေညာချက်ကို သတင်းဖော်ပြခဲ့မှုနဲ့ အပတ်စဉ်ထုတ် Bi မွန်းတည့်နေ သတင်းဂျာနယ်ရဲ့ ထုတ်ဝေသူ၊ အယ်ဒီတာနဲ့ သတင်းထောက်တွေကို အောက်တိုဘာလ ၁၆ ရက်နေ့က နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ပြစ်မှုထင်ရှားတယ် ဆိုပြီး ပန်းဘဲတန်း တရားရုံးကနေ ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခဲ့ပါတယ်။

ဒီလို Bi မွန်းတည့်နေ သတင်းသမားတွေကို ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံမှာ လက်ရှိအသက်ဝင်နေပြီဖြစ်တဲ့ သတင်းမီဒီယာ ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (MJA- Myanmar Journalists Association) က ကြေညာချက် ထုတ်ပြန် တောင်းဆို လိုက်တယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းဥက္ကဋ္ဌ ဦးကိုကို (စက်မှု) က ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းက မီဒီယာနဲ့ မဏ္ဍိုင်ကြီးသုံးရပ်အပါအဝင် တပ်မတော်နဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ ပြဿနာတခုကို ကြီးတဲ့အမှု ငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေ ဖြစ်အောင်လို့ နည်းလမ်းတွေ ရှာတယ်။ အခြေခံမူတွေ ချမှတ်ဆောင်ရွက်နေတာတွေ ရှိတယ်။ ဒီလိုမျိုး compromise ပေါ့ကွယ်၊ Negotiation နဲ့ နားလည်မှုနဲ့ Understanding တည်ဆောက်နေတဲ့အချိန်မှာ အခု ချမှတ်လိုက်တဲ့အမှုက အပြစ်ဒဏ်က Maximum sentence ဖြစ်နေတယ်လေ။ ဒီဥပဒေအရလေ၊ --- မှာ အမြင့်ဆုံးပြစ်ဒဏ်ကြီးကို ပေးထားတာဖြစ်လို့ ဒီအပေါ်မှာ စိတ်မကောင်းဖြစ်တယ်။ အခြေခံမူတွေနဲ့ ချမှတ်ဆောင်ရွက်နေတဲ့အချိန်မှာကျတော့ သတင်းမီဒီယာဥပဒေဘောင်ထဲကနေ လုပ်စေချင်တယ်။ သတင်းမီဒီယာဥပဒေမှာ ဘာပါလဲဆိုတော့ တချို့အမှုတွေမှာ ညှိနှိုင်းဖြေရှင်းတဲ့ ကိစ္စတွေပါတယ်။ တချို့အမှုတွေကျတော့ သတင်းမီဒီယာ ဥပဒေအတိုင်းဆိုရင် နောက်ဆုံးမှာ ဒဏ်ငွေလောက်ပဲ ဆောင်ပြီး ပြီးသွားတာမျိုး ရှိတယ်။ တချို့ အမှုတွေကတော့ တရားဥပဒေနဲ့ ရင်ဆိုင်ရတာတွေ၊ ဘာတွေ ရှိပါတယ်။ သို့သော် Argue လုပ်လို့ရတယ်။ ဒီအမှုက သတင်းမီဒီယာ ဥပဒေထဲမှာ အကျုံးဝင်အောင်လို့ Argue လုပ်ခွင့်ရှိတယ်။ အခုကတော့ ကြားတာက ဒီအမှုကို သတင်းမီဒီယာ ဥပဒေထဲကို တင်ပြတဲ့အခါမှာ သတင်းမီဒီယာနဲ့ လက်မခံဘူးလို့ ကြားတယ်လေ၊ သက်ဆိုင်ရာ တရားရေးအဖွဲ့အစည်းတွေက- ဒါ့ကြောင့် သတင်းမီဒီယာ ဥပဒေကို လက်တွေ့ကျင့်သုံးပေးဖို့ ပြောတာပါ။”

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကလည်း တပြိုင်တည်း Bi မွန်းတည့်နေဂျာနယ်အရေး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အခုလို သတင်းမီဒီယာ သမားတွေအပေါ် ပြစ်ဒဏ်ချ အရေးယူလိုက်တဲ့အပေါ် သတင်းမီဒီယာဥပဒေနဲ့အညီ ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးဖို့ကို လည်း မြန်မာစာနယ်ဇင်း ကောင်စီ ယာယီက တောင်းဆိုပါတယ်လို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) ( Myanmar’ Press Council) ရဲ့ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။

“တရားစီရင်မှုဟာ မျှမျှတတ ဖြစ်ဖို့ လိုအပ်ပါတယ်။ အဲလိုမဟုတ်ဘဲနဲ့ မီဒီယာဥပဒေဆိုတာကို ရေးဆွဲပြီး လွှတ်တော်က အတည်ပြု၊ သမ္မတက လက်မှတ်ထိုးပြီးတော့ အသက်ဝင်နေပါပြီလို့ ထုတ်ဖော်ပြောဆိုတဲ့အချိန်မှာ ဘိုင် မွန်းတည့်နေ ဂျာနယ်ကလူတွေကို ရာဇဝတ်ပြစ်မှုနဲ့ တရားစွဲ ထောင်ချခဲ့ပါတယ်။ ၅၀၅ (ခ) နဲ့စွဲရလောက်အောင် မပြင်းထန်ဘူးလို့ ယူဆပါတယ်။ ဒီကြေညာချက်ပါဝင်လို့ တိုင်းပြည်ရဲ့အုပ်ချုပ်ရေး ပျက်ပြားမသွားသလို ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် ပြည်သူပိုင်ပစ္စည်း တခုမှလည်း နစ်နာဆုံးရှုံးခဲ့ခြင်းမရှိဘူး။ အဲလို မရှိခဲ့တဲ့သတင်းသမားတွေကို စိတ်ဓာတ်ထိခိုက်အောင် နောက်ပြီး အပြင်မှာ အလုပ်လုပ်ကိုင်နေတဲ့ သတင်းသမားတွေကို ကြောက်လန့်သွားအောင် ရည်ရွယ်ပြီးတော့ ချမှတ်ခဲ့တယ်လို့ ကျနော်တို့ ခံစားနေရပါတယ်။ ဒါဟာ တရားဥပဒေမဏ္ဍိုင်နဲ့ မီဒီယာကြားမှာ နားလည်မှုပျက်ယွင်းစေတဲ့ လှုပ်ရှားမှုတွေ၊ ဖြစ်ပေါ်မှုတွေလို့ ကျနော် ယူဆပါတယ်။ ဒါကြောင့်မို့လို့ ဒီအခြေအနေကို သက်ဆိုင်ရာ တာဝန်ရှိတဲ့ နိုင်ငံပြုသူတွေအားလုံးဟာ ပြန်ပြီးတော့ သုံးသပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံ၊ စာနယ်ဇင်းကောင်စီက ယခုလို ကြေညာချက်ထုတ်ပြန်တာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွပ်လပ်ပွင့်လင်းလာကာစ အခြေအနေမှာ သတင်းမီဒီယာနဲ့ မဏ္ဍိုင်သုံးရပ်ကြား မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အနေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့ အခြေခံမူဘောင်တွေကို သဘောတူညီမှုရရှိထားပြီး မီဒီယာတွေနဲ့ အစိုးရ၊ လွှတ်တော်၊ တပ်နဲ့ အာဏာပိုင်တွေကြား အပြန်အလှန် သတင်းစီးဆင်းမှုနဲ့ နားလည်မှု တည်ဆောက်နေချိန် အခုလို သတင်းသမားတွေ အပေါ် အမြင့်ဆုံး ထောင်ဒဏ် ချမှတ်တာဟာ ယုံကြည်မှု ပျက်ပြားစေတယ်လို့ ဦးဇော်သက်ထွေးက သုံးသပ်ပါတယ်။

“ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေတာပေါ့။ ဘာလို့လဲဆိုတော့ ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တော့လည်း ကျနော်တို့က တယောက်နဲ့တယောက် တကယ်ကို အပြုသဘောဆန်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်။ သတင်းစီးဆင်းမှုတွေ ကောင်းအောင် လုပ်ခဲ့တယ်။ Contact Person တွေ ရအောင် ဆောင်ရွက်ခဲ့တယ်။ ထိုနည်းတူစွာပဲ မဏ္ဍိုင်သုံးရပ်ကို ကျင့်သုံးတဲ့အခါမှာလည်း သတင်းသမားတွေရဲ့ သတင်းမှားယွင်းဖော်ပြမှုတွေကို သူတို့က ထောက်ပြ ဆွေးနွေးသလို ကျနော်တို့အနေနဲ့လည်း မဏ္ဍိုင်သုံးရပ်က သတင်းရယူဖို့ ခက်ခဲတာတွေကို အပြန်အလှန် ဆွေးနွေးပြီး ဒါတွေကို ဘယ်လို ပြုပြင်မလဲဆိုတဲ့ အခြေခံမူအပေါ်မှာ ဆွေးနွေးခဲ့ကြတာပါ။ ဒီလို ဆွေးနွေးနေတဲ့အချိန်မှာ တရားဥပဒေရဲ့မဏ္ဍိုင်ကတော့ ကျနော်တို့ မီဒီယာသမားတွေအပေါ်မှာ အခုချိန်ထိ ဆွေးနွေးပြီးတော့ အပြုသဘော ဆောင်ရွက်မှုတွေကို မတွေ့ရသေးပါဘူး။”

Bi မွန်းတည့်နေဂျာနယ် သတင်းသမားတွေကို အစိုးရက ပြီးခဲ့တဲ့ ဇူလိုင်လက ဖမ်းဆီးပြီး ပုဒ်မ ၅ ည၊ ၅ (ဃ) နဲ့ အမှုဖွင့်ထားခဲ့ပြီး အဲဒီ့ထဲက တိမ်း ရှောင်လာတဲ့ ထုတ်ဝေသူတချို့ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အထိ လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သြဂုတ်လမှာ ပုဒ်မ ၅၀၅(ခ) နဲ့ ပြောင်းလဲ အမူဖွင့်ခဲ့ပြီး အောက်တိုဘာမှာ ထောင်ဒဏ် ၂နှစ်စီ ချလိုက်တာဖြစ်ပါတယ်။ ပုဒ်မ

၅၀၅(ခ) ဟာ ငွေဒဏ် သို့မဟုတ် ငွေဒဏ်နဲ့ ထောင်ဒဏ် ဆိုပြိး ပြစ်ဒဏ်ချလို့ ရသလို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင် ဒဏ် (၂) နှစ်ထိ ချလို့ရတဲ့ ပုဒ်မလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုလို သတင်းသမားတွေကို အမြင့်ဆုံးထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် အာဏာပိုင်တွေရဲ့ သတင်းသမားတွေအပေါ် သဘောထားကို သတင်းစာနယ်ဇင်းလောက မေးခွန်းထုတ် လာနေတာဖြစ်ပါတယ်။

XS
SM
MD
LG