သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာ ကြက်မွေးမြူရေး အထူးဇုံမှာ H9N2 ဗိုင်းရပ်စ် တွေ့ရှိ


ကြက်မွေးမြူရေးခြံတခြံမြင်ကွင်း။
ကြက်မွေးမြူရေးခြံတခြံမြင်ကွင်း။

စစ်ကိုင်းတိုင်း မုံရွာ ကြက်မွေးမြူရေး အထူးဇုန်မှာ ကြက်ငှက်တုပ်ကွေးရောဂါ H9N2 ဗိုင်းရပ်ပိုး တွေ့ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က အတည်ပြုပြောကြား ပါတယ်။ ရောဂါပိုးတွေ့ရှိရတဲ့ကြက်ခြံတွေက ကြက်တွေကို ရှင်းလင်းသုတ်သင် သွားမှာဖြစ်ကြောင်းနဲ့ လူတွေ မကူးစက်အောင် ကာကွယ်မူတွေ ဆက်တိုက် လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာကသတင်းပေးပို့ထားပါတယ်။

တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးချုုပ်နဲ့ တာဝန်ရှိသူတွေ ပညာရှင်တွေ ကျန်းမာရေးဌာန တာဝန်ရှိသူတွေ စစ်ကိုင်းတိုင်းက မွေးမြူးရေးနဲ့ ကုသရေးဌာနက တာဝန်ရှိသူတွေ ကြက်မွေးမြူ ကြတဲ့လုပ်ငန်းရှင်တွေ ဟာ မုံရွာမြို့မှာ တွေ့ဆုံခဲ့ပြီး ကြက်ငှက်တုပ်ကွေးရောဂါ H9N2 ဗိုင်းရပ်ပိုး တွေ့ရှိခဲ့မူတွေ အတွက် ကာကွယ် တားဆီးမူတွေ လုပ်ဆောင်ဖို့ ဧပြီလ ၁၅ရက်နေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။

ရှားပါးတဲ့ ကြက်ဌက်တုတ်ကွေးရောဂါ တမျိုးဖြစ်တဲ့ H9N2 ဗိုင်းရပ်ပိုးကို မုံရွာက ကြက်မွေးမြူရေး အထူးဇုံမှာ စတင်တွေ့ခဲ့ရတယ်လို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကVOA ကို ပြောပြပါတယ်။

" အခု ဒီနေ့မနက်တင် ကြက်ဌက်တုပ်ကွေး ကိစ္စ အစည်းအဝေးလုပ်ကြတယ်။ ဌာနဆိုင်ရာတွေ အားလုံးနဲ့ အစည်းအဝေးလုပ်တယ်။ ကြက်အသေအပျောက် ရှိတယ်။ တိုင်းတာတဲ့အခါမှာ သူက H9N2 လို့ပြောတယ်။ အဲ့တာတွေ့တယ်။ ရှားပါးတော့ဖြစ်တယ်။ ဖြစ်တဲ့နေရာကလည်း သူ့တနေရာလေးပဲ ကွက် ဖြစ်တယ်။ အဲ့ဇုံထဲမှာပဲလေ ကြက်မွေးမြူရေးဇုံထဲမှာပဲ ကွက်ဖြစ်တယ်။ အဲ့တော့ အရင်ကလည်း ကျနော်တို့ ဆေးတွေ ဖြန်းထားပြီးသား အခု ပေါ်လာတဲ့အတွက် အဲ့ဒီ့နေရာကို ကျနော်တို့ သေချာ သတ်မှတ်ထားပြီး ကျန်တဲ့နေရာတွေ မကူးစက်ရအောင် သေချာ ကာကွယ်ဖို့ လုပ်နေပါတယ်။ အခု Positive ဖြစ်တဲ့ ကြက်တွေကတော့ အကုန်သတ်ပစ်မှာပေါ့။ "

သုတ်သင်ရှင်းလင်းရမဲ့ကြက်တွေနဲ့ ပတ်သက်လို့ကြက်ခြံတွေကနေ ခိုးထုတ်တာ၊ အရောင်းအဝယ်လုပ်တာတွေ ဖြစ်မှာကို စိုးရိမ်ရတာကြောင့် လုံခြုံရေး စောင့်ကြပ်ကြည့်ရှု့ပြီး စနစ်တကျ ရှင်းလင်းသုတ်သင်မှုတွေ လုပ်သွားမယ်လို့လည်း ဝန်ကြီးချုပ် ကဆက်ပြောပြပါတယ်။

" ခြံပိုင်ရှင်တွေ ကြက်ခြံပိုင်ရှင်တွေကရော စည်းကမ်းအတိုင်း ကြက်တွေကို အပြင်ကို ခိုးမထုတ်ကြဖို့ ရဲတွေ ပတ်ချာလည် ရဲတွေ သေချာ ချထားတယ်။ ကြက်ခြံတွေ တခြံနဲ့ တခြံ မကူးကြဖို့ အထဲက မိသားစုတွေ အကုန်အပြင်ကိုထုတ်ဖို့ နောက်ပြီး ကျန်းမာရေးစောင့်ရှောက်ပြီး လူကိုကူးစက်တာရှိတာ မတွေ့ရသေးပါဘူး။

ဒါကြောင့်မို့ ကျနော်တို့က သေသေချာချာကို ကြပ်မတ်စောင့်ကြည့်မယ်။ ရဲရောဘာရော ခြံပတ်ချာလည်မှာ ထားမယ်။ ခြံထဲက ကြက်တွေ ခိုးထုတ်တာတွေ ဘာတွေ ဖြစ်မှာစိုးလို့ အရောင်းအဝယ် မလုပ်ရ ခြံထဲမှာ ရှိတဲ့မိသားစုတွေ အကုန်အပြင်ထွက် ကျနော်တို့သေချာစောင့်ကြည့်မယ်။ စောင့်တဲ့ တယောက်လောက်ပဲ ကျန်တာအကုန်အပြင်ထွက်ခိုင်း သူတို့ကို Mask တွေ တပ်ခိုင်းပြီး စနစ်တကျ သေသေချာချာ စည်းကမ်းတကျ လုပ်ကြဖို့ မှာထားတယ်။ မှာထားပြီးတော့ ကျနော်တို့ သေချာစောင့်ကြည့်နေပါတယ်။

အဲ့တော့ အားလုံး ကျနော်တို့ သေချာတိုင်ပင်ညှိနှိုင်း ပညာရှင်တွေလည်း ညှိနှိုင်းလိုက်တဲ့ အခါမှာ ခဏစောင့်ကြည့်မယ် ဆက်လက်စစ်ဆေးမယ်။ ဗိုင်းရပ်စစ်တွေ့တဲ့ခြံကို အကုန်လုံး သုတ်သင်ရှင်းလင်းမယ်ဆိုပြီး လုပ်တယ်။ သုတ်သင်ရှင်းလင်းတဲ့အခါမှာလည်း Mask တွေ တပ်ပြီး လုပ်ဖို့ အကုန်လိုက်နာကြဖို့ လုပ်ခဲ့ပါတယ်။"

လက်ရှိမှာတော့ ကြက်မွေးမြူရေးခြံမှာ ကြက်အကောင်ရေ သိန်းနဲ့ချှီရှိပြီး ပြီးခဲ့တဲ့ မတ်လ ကုန်ကစပြီး ပုံမှန်မဟုတ်တဲ့ ကြက်သေဆုံးမူတွေ ရှိခဲ့တာလို့လည်း မြို့ခံတွေက ဆိုပါတယ်။ ကြက်ခြံပိုင်ရှင်တဦးက သတင်းပေးတဲ့အခါမှာ စုံစမ်းစစ်ဆေးမူတွေ လုပ်ပြီး ကြက်ခြံတချို့ကိုရှင်းလင်းခဲ့ပြီးတဲ့နောက်မှာ ဓာတ်ခွဲ စမ်းသပ်ရာကနေ အခုလိုမျိုး ကြက်ငှက်တုပ်ကွေးရောဂါ H9N2 ဗိုင်းရပ် ပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မပြတ်စောင့်ကြည့်နေပြီး ကြက်ခြံတခြံနဲ့ တခြံ ကူးစက်ပြန့်ပွားမူတွေ ဖြစ်လာမှာကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က စိုးရိမ်ပူပန်မူတွေ ရှိနေပါတယ်။

ကြက်ခြံတွေကို လုံခြုံရေး အင်းအားတွေနဲ့ပါ စောင့်ကြည့်နေပြီး ဗိုင်းရပ်ပိုးတွေတဲ့ ကြက်ခြံမှန်သမျှကို အမြန်ဆုံး ရှင်းလင်းသုတ်သင်သွားမှာဖြစ်တယ်လို့လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောဆိုထားပါတယ်။

XS
SM
MD
LG