သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးအရေး ဒေသတွင်းပူးပေါင်းဖြေရှင်းဖို့ ကန်တိုက်တွန်း


အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးအရာရှိတဦးက ကွာလာ လန်စ်ဂါကို လှေနဲ့ရောက်လာသူ ရိုဟင်ဂျာအမျိုးသမီးတဦးကို စာရင်းမှတ်တမ်းယူနေစဉ်။ (မေ ၁၆၊ ၂၀၁၅)
အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးအရာရှိတဦးက ကွာလာ လန်စ်ဂါကို လှေနဲ့ရောက်လာသူ ရိုဟင်ဂျာအမျိုးသမီးတဦးကို စာရင်းမှတ်တမ်းယူနေစဉ်။ (မေ ၁၆၊ ၂၀၁၅)

ဒေသတွင်း ပြဿနာတရပ်ဖြစ်လာတဲ့ လှေစီးပြေး ရိုဟင်ဂျာအရေးကိစ္စကို အရှေ့တောင် အာရှတွင်းနိုင်ငံတွေ ပူးပေါင်းညှိနှိုင်းအဖြေရှာကြဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ ကပ္ပလီပင်လယ်အော်ထဲ လှေတွေနဲ့မျောနေတဲ့ ဒီ ဒုက္ခသည်တွေကို လိုအပ်တဲ့ အကူအညီတွေ ပေးကြဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုက တောင်းဆိုထားပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက လာတယ်လို့ယူဆကြတဲ့ လှေစီးပြေး ရိုဟင်ဂျာနဲ့ ဘင်္ဂလီ (၁) ထောင်ကျော်ကို ကပ္ပလီပင်လယ်အော်နဲ့ မာလက္ကာ ရေလက်ကြား တဝိုက် လှေနဲ့မျောနေတုန်းသောကြာနေ့က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် မှာ နိုင်ငံရွှေ့ပြောင်း အခြေချဖို့ ကြိုးစားနေတဲ့ အဲဒီ လှေစီးမျော ဒုက္ခသည်ကို အရေးပေါ်အကူအညီတွေပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုလိုက်တာဖြစ်ပါတယ်။

အရှေ့တောင်အာရှဒေသတွင်း ပြဿနာတရပ်ဖြစ်လာနေတဲ့ လှေစီးပြေး ရိုဟင်ဂျာ အရေးကိစ္စကို ဒေသတွင်း နိုင်ငံတွေ ပူးပေါင်းညှိနှိုင်း အဖြေရှာကြဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းကြောင်း သောကြာနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် Jeff Rathke က ပြောဆိုလိုက်တာပါ။

“အကူအညီလိုအပ်နေတဲ့ နိုင်ငံရွှေ့ပြောင်းလိုသူနဲ့ခိုလှုံခွင့်တောင်းခံလာသူ ထောင်ချီတဲ့ လူတွေရဲ့အသက်ကို ကယ်ဆယ်ဖို့ ဒေသတွင်းမှာ မြန်မြန်ဆန်ဆန် ပူးပေါင်းညှိနှိုင်း အဖြေရှာကြဖို့ အရေးတကြီးလိုအပ်နေပြီလို့ အမေရိကန်အစိုးရက ယုံကြည်ပါတယ်။”

အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသကို လတ်တလောရောက်လာသူ ရိုဟင်ဂျာထဲက တဦးက သူတို့ရဲ့ဦးတည်ချက်ဟာ မလေးရှားနိုင်ငံဖြစ်ပြီး ပင်လယ်ထဲ မျောပြီး ဒုက္ခရောက်နေချိန်မှာ အာချေးငါးဖမ်းလှေက ကယ်တင်ခဲ့လို့သာ သူတို့ အာချေးကိုရောက်နေတာဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို ပြောပါ တယ်။ လှေစီးပြေးလာသူအများစုက သူတို့ဟာ မလေးရှားနိုင်ငံကိုသွားဖို့ ကြိုးစားတာဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေကတော့ ရိုဟင်ဂျာတွေပါလာတဲ့ သင်္ဘောတွေကို သူတို့ ရေပိုင်နက်တွေထဲ ဝင်လာခွင့်မပေးဘဲ ပြန်ပြီးနှင်ထုတ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဆီ အစာရေစာပြတ်လပ်ပြီး ရောက်လာတဲ့ လှေစီးပြေး ရွှေ့ပြောင်းနေထိုင်သူတွေကို ဆေးကုသမှုပေးထားစဉ်။ (မေလ ၁၆၊ ၂၀၁၅)
အင်ဒိုနီးရှားနိုင်ငံဆီ အစာရေစာပြတ်လပ်ပြီး ရောက်လာတဲ့ လှေစီးပြေး ရွှေ့ပြောင်းနေထိုင်သူတွေကို ဆေးကုသမှုပေးထားစဉ်။ (မေလ ၁၆၊ ၂၀၁၅)

ပင်လယ်ပြင်ထဲမှာ ဒုက္ခရောက်နေသူတွေကို ကယ်တင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေမှာ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ပြောကြားခဲ့ပါတယ်။

လှေစီးပြေး ဒုက္ခသည်တွေကို ယာယီခိုလှုံခွင့်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်းခဲ့ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Jeff Rathke က ပြောပါတယ်။

“အရှေ့တောင်အာရှပင်လယ်ထဲ ဒုက္ခရောက်နေတဲ့ ထောင်ကျော်တဲ့ ဘင်္ဂလီနဲ့ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ အရေးပေါ်အခြေနေကို အမေရိကန်အနေနဲ့ အထူးစိုးရိမ်မိပါတယ်။ ဝန်ကြီးဂျွန်ကယ်ရီကလည်းထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ကြာသာပတေးညက ဆက်သွယ်ပြီး နိုင်ငံရွှေ့ပြောင်းလိုသူတွေ ကပ္ပလီ ပင်လယ်အော်ထဲက ရင်ဆိုင်နေတဲ့အခြေအနေကို ဆွေးနွေးခဲ့သလို သူတို့ကို ဘယ်လိုမျိုး ယာယီခိုလှုံခွင့်ပေးနိုင်မလဲဆိုတဲ့ ဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့ ပါတယ်။ မေလ ၂၉ ရက်နေ့ကျရင် ထိုင်းနိုင်ငံက တာဝန်ယူကျင်းပမယ့် ညီလာခံမှာလည်း လူသားချင်းစာနာမှု အကူအညီကိစ္စကို ဒေသတွင်းမှာရှိတဲ့ အမေရိကန်သံအမတ်ကြီးတွေက သက်ဆိုင်ရာအစိုးရတွေနဲ့ ဆွေးနွေးဖို့ရှိပါတယ်။”

ရိုဟင်ဂျာဆိုသူတွေဟာ မြန်မာနိုင်ငံမှာမရှိကြောင်းနဲ့ ရိုဟင်ဂျာဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးကြမယ်ဆိုရင် မြန်မာနိုင်ငံက အဲဒီညီလာခံကိုတက်ဖို့ အကြောင်း မရှိဘူးလို့ သမ္မတရုံးပြောခွင့်ရသူက VOA နဲ့ သီးသန့်မေးမြန်းစဉ်မှာ ပြောဆိုခဲ့ပါတယ်။

လောလောဆယ် အင်ဒိုနီးရှားနိုင်ငံမှာ ကယ်တင်ထားတဲ့ ဘင်္ဂလီနဲ့ရိုဟင်ဂျာတွေကို UNHCR ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီကတွေ့ဆုံခဲ့ပြီး ဘင်္ဂလီတွေ ကတော့ သူတို့အနေနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ပြန်လိုကြောင်းပြောကြပေမယ့် ရိုဟင်ဂျာဆိုသူတွေကတော့ သူတို့ကို မြန်မာနိုင်ငံက ပြန်လက်ခံမှာမဟုတ်တဲ့ အတွက် သူတို့အနေနဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက်လိုကြောင်း တောင်းဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ရိုဟင်ဂျာ တသိန်း နှစ်သောင်းကျော်ဟာ အခြားနိုင်ငံတွေမှာ အခြေချခွင့်ရဖို့ မိမိတို့ဒေသကနေထွက်ပြေးခဲ့ကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက စာရင်းထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG