သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးပြဿနာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဖြစ်


ရိုဟင်ဂျာ ရွှေ့ပြောင်းနေထိုင်သူတွေကို ထိုင်းတပ်မတော် ရဟတ်ယာဉ်တွေက အစားအသောက်များချပေးစဉ်။ (မေ ၁၄၊ ၂၀၁၅)
ရိုဟင်ဂျာ ရွှေ့ပြောင်းနေထိုင်သူတွေကို ထိုင်းတပ်မတော် ရဟတ်ယာဉ်တွေက အစားအသောက်များချပေးစဉ်။ (မေ ၁၄၊ ၂၀၁၅)

အရှေ့တောာင်အာရှနိုင်ငံတွေဆီ လှေစီးပြေးဒုက္ခသည်တွေ ရောက်လာနေတဲ့ ပြဿနာဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဖြစ်တယ်လို့အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မြန်မာနိုင်ငံကလို့ဆိုတဲ့ ရိုဟင်ဂျာတွေ ထောင်နဲ့ချီပြီး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရောက်လာတဲ့ ပြဿနာနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက အင်ဒိုနီးရှားနိုင်ငံ၊ Aceh ကျွန်းက ယာယီစခန်းတွေ ရောက်လာတဲ့ ရာနဲ့ချီတဲ့ဒုက္ခသည်တွေကို တနင်္ဂနွေနေ့က မှတ်တမ်းတင်တဲ့အချိန်မှာပဲ ဒီလူတွေ ဘာကြောင့် ရောက်လာကြတယ်ဆိုတာနဲ့ပတ်သက်လို့ သူ့ရဲ့ သဘောထားအမြင်ကို အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Mohammad Nazmul Quaunine က ပြောကြားလိုက်တာပါ။

“အခုလို ဒီလူတွေ အစုလိုက်အပြုံလိုက် ဒီကိုရောက်လာကြတာဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကြောင်း ဖြစ်ပါတယ်။ သူတို့တွေ ဘယ်ကဆိုတာထက် ရာဇဝတ်သမားတွေ၊ လူမှောင်ခိုကူးတဲ့သူတွေကြောင့် ရောက်လာကြတာပါ။ ဒါကြောင့် သူတို့တွေ ဘယ်သူတွေဖြစ်တယ်ဆိုတာကို စိစစ်ပြီး သက်ဆိုင်သူတွေကို ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ လုပ်ရပါမယ်။”

အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေဆီကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စုစုပေါင်း ရောက်လာတဲ့ လှေစီးပြေးဒုက္ခသည်ပေါင်း ၃,ဝဝဝ လောက် ရှိပါတယ်။ အခု Aceh ယာယီစခန်းမှာ ရှိနေကြသူတွေကတော့ အင်ဒိုနီးရှား ငါးဖမ်းလှေတွေ ကယ်တင်လာတဲ့ ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းလုပ်သားတွေနဲ့ မြန်မာနိုင်ငံကလို့ ဆိုတဲ့ ရိုဟင်ဂျာတွေ ဖြစ်ကြပါတယ်။

Aceh ကျွန်း၊ Langsa မှာ ရောက်နေကြတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက သွားရောက် တွေ့ဆုံတဲ့အချိန် အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပြီး ဒီနိုင်ငံတွေကို ဒုက္ခသည်တွေ အသုတ်လိုက် ရောက်လာနေကြတာဟာ လူသားချင်း စာနာမှုဆိုင်ရာနဲ့ လုံခြုံရေးအရ ကြီးမားတဲ့ ပဋိပက္ခဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

“ဒီကိစ္စဟာ စိုးရိမ်စရာကောင်းတဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုံခြုံရေး ပဋိပက္ခ ဖြစ်လာနေပါပြီ၊ နိုင်ငံတကာ အသိုင်းဝိုင်းကလည်း ဒီကိစ္စကို ဝိုင်းဝန်း လုပ်ဆောင်နေကြပြီလို့ ကျနော် ထင်ပါတယ်။ ပင်လယ်ထဲမှာလည်း အများကြီး ရှိနေပါသေးတယ်၊ လတ်တလော အခြေအနေအရ အဲဒီလူတွေအသက်ကို ကယ်တင်ပြီး နောက်ပိုင်းမှာ ပြဿနာရဲ့ အခြေခံဇစ်မြစ်ကို ကိုင်တွယ် ဖြေရှင်းရမှာ ဖြစ်ပါတယ်။”

လူမှောင်ဂိုဏ်းတွေ အဓိကရှိတဲ့ ထိုင်းနိုင်ငံမှာ လူမှောင်ခိုကူးသူတွေကို ထိုင်းအစိုးရက စတင် နှိမ်နှင်းခဲ့ပြီးနောက်မှာ ခုလို တရားမဝင်နိုင်ငံထဲဝင်ဖို့ ကြိုးစားကြသူတွေပါလာတဲ့ စက်လှေတွေကို လူမှောင်ခိုတွေက ပင်လယ်ထဲမှာ စွန့်ပစ်ထားခဲ့ကြတာဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေက ကမ်းခြေတွေကို ဆိုက်ရောက်လာနေတဲ့ ဒီ လှေစီးပြေး ဒုက္ခသည်တွေအရေး တဖြည်းဖြည်း ကြီးမား နက်ရှိုင်းလာတာနဲ့အမျှ မလေးရှားနိုင်ငံကလည်း ဒီကိစ္စ ဖြေရှင်းနိုင်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင့်မြင့် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

လာမယ့် သီတင်းပတ်အတွင်း အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မတွေ့ဆုံခင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Anifah Aman ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပါတယ်။ ဒီအတောအတွင်း ရွေ့ပြောင်း နေထိုင်သူတွေအတွက် ရန်ပုံငွေရှာပွဲတွေကို မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမှာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ကြပါတယ်။

ဒုက္ခသည်တွေအတွက် အစားအသောက်တွေနဲ့ ဆေးဝါး အထောက်အပံ့တွေကို သူတို့အနေနဲ့ အလှူခံထားပြီး ဖြစ်ကြောင်း၊ အာဏာပိုင်တွေထံက ခွင့်ပြုချက်ရတာနဲ့ ပို့ဖို့အဆင်သင့်ဖြစ်နေပြီလို့ ကွာလာလမ်ပူမြို့က တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

ဒါ့အပြင် အခုလို ဒုက္ခသည်တွေ ထွက်ပြေးနေကြတာ ရပ်တန့်ဖို့အတွက် မလေးရှား အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ဖိအားပေး ပြောဆိုသင့်တယ်လို့ ယူဆကြောင်း တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ Marina Mahathir ဆိုသူက ပြောလိုက်တဲ့အချိန်မှာပဲ မလေးရှား ဒုတိယဝန်ကြီးချုပ် Muhyiddin Yassin ကလည်း ဒီပြဿနာ မလေးရှားနိုင်ငံအပေါ် စုပြုံကျမလာခင် မြန်မာအစိုးရအနေနဲ့ ဒီကိစ္စကို အချိန်မီထိန်းချုပ်ဖို့ လိုကြောင်း မလေးရှား အခြေစိုက် Bernama သတင်းဌာကို ပြောကြားခဲ့ပါတယ်။

အခု ထွက်ပြေးလာကြသူ အများစုဟာ မူဆလင်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေဖို့အတွက် ထွက်လာကြသူတွေဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မလေးရှားနိုင်ငံအနေနဲ့ ရိုဟင်ဂျာ လေးသောင်းခွဲလောက်ကို လက်ခံထားပြီး ဖြစ်ပေမယ့် နောက်ထပ် ထပ် လက်မခံနိုင်တော့ဘူးလို့ ဆိုပါတယ်။ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့ကလည်း ဒီဒုက္ခသည်တွေကို လက်ခံမထားနိုင်ဘူးလို့ ပြောဆိုထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG