သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ၃၇ ယောက် ဘင်္ဂလားဒေ့ရှ်ပြန်ပို့


မြန်မာရေတပ်က ထိန်းသိမ်းကယ်တင်လိုက်တဲ့ လှေစီးပြေး (၇၀၀) ။သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန။
မြန်မာရေတပ်က ထိန်းသိမ်းကယ်တင်လိုက်တဲ့ လှေစီးပြေး (၇၀၀) ။သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန။

မြန်မာ့ရေပိုင်နက် ထဲမှာ ဖမ်းမိပြီး ရခိုင်ပြည်နယ် တောင်ပြို လက်ဝဲစခန်းမှာ ထိန်းသိမ်း ထားတဲ့ လှေစီးပြေး ဒုက္ခသည်တွေထဲက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၃၇)ဦးကို မြန်မာ အာဏာပိုင်တွေက ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေလက်ထဲ ဒီကနေ့ပဲ လွှဲပြောင်း ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီ သီတင်းပတ် အစောပိုင်း နှစ်နိုင်ငံနယ်ခြားစောင့် တပ်တွေကြား ပစ်ခတ်မှုဖြစ်ခဲ့လို့ အပြန်အလှန် အပြစ်ဖို့နေတာတွေ ရှိနေပေမယ့်လည်း နောက်ထပ် ကျန်နေသေးတဲ့ လှေစီးပြေး ၇၀၀ ကိုစိစစ်ရေးမှာတော့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပူးပေါင်းဆောင် ရွက်နေကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

လှေစီးပြေးဒုက္ခသည်တွေကို မေလ ၂၁ ရက်နေ့ မောင်တောမြို့နားက ရခိုင်ကမ်းရိုးတမ်းမှာ ၂ဝဝ ကျော်ကို မြန်မာ့ရေတပ်က ဖမ်းမိခဲ့တာဖြစ်ပြီး မေလ၂၉ ရက်နေ့တုန်းက ဧရာဝတီတိုင်းဖျာပုံမြို့အနီး ဟိုင်းကြီးကျွန်းနားမှာ ၇၀၀ ကျော်ကို ဖမ်းဆီးခဲ့တာပါ။ အဲဒီလူတွေကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြို လက်ဝဲမှာ ထိန်းသိမ်းထားခဲ့ပါတယ်။

နှစ်ဘက်နိုင်ငံ တာဝန်ရှိသူတွေ စိစစ်ပြီးနောက် ပထမအသုတ် ဖမ်းမိခဲ့တဲ့ လှေစီးပြေး ၂၀၀ ထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ကို ဇွန်လ ၈ရက်နေ့ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလွှဲပြောင်းခဲ့ပြီး ဖြစ်ပါတယ်။ ကျန်နေ တဲ့ လှေစီးပြေး ၅၀ ကို ထပ်မံစိစစ်ချက်အရ နောက်ထပ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၇ ဦးကိုအတည်ပြုနိုင်တာကြောင့် ဇွန်လ ၁၉ ဒီကနေ့ နေ့လည် ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထပ်မံလွှဲပြောင်းပေး လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက VOA ကိုပြော ပါတယ်။

" ဒီနေ့ ၁၁နာရီ ၁၅မိနစ်မှာ တောင်ပြိုလက်ဝဲ အရင်တုန်းက လွှဲတဲ့နေရာမှာပဲ လွှဲပေးလိုက်တယ်။ ဟိုဘက်က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ပေါ့နော်။ တပ်ရင်း ၁၇က ဒုတိယတပ်ရင်းမှူး ကို လွှဲတယ်လို့ပြောတယ်။ ကျနော်တို့ဆီက မောင်တော က ဒုခရိုင် လဝကမှူး ဦးထွန်းထွန်းက ဦးဆောင်ပြီးလွှဲပေးတယ်။ ၃၇ယောက်၊ ဒီနေ့ လွှဲပေးတာလေ။ ၁၃ယောက် ကျန်သေးတာပေါ့။ ကျနော်တို့က လူ ၁၅၀ လွှဲတော့ ၅၀ကျန်တယ်။ အဲ့အထဲက ပြန်ပြီးတော့ စိစစ်တော့ ကျန်တဲ့ ၃၇ယောက် သူတို့လူပါဆိုပြီး လက်ခံတယ်။ ကျန်တဲ့ ၁၃ယောက် ကတော့ သူတို့ပြောပြတာ အတည်မပြုသေးဘူးလို့ ကျနော်တို့ သိရတာပေါ့နော်။ ကျနော်တို့ စစ်တုန်းက သူတို့က ဘင်္ဂဘားဒေ့ရှ်နိုင်ငံသားပါလို့ ပြောတဲ့သူတွေပေါ့နော်။"

အခုဆိုရင် တောင်ပြိုလက်ဝဲစခန်းမှာ ထိန်းသိမ်းထားတဲ့ လှေစီးပြေးဒုက္ခသည် ၇၁၃ ဦးဆက်ရှိနေပြီး အဲဒီလူတွေကို မြန်မာလူဝင်မှုကြီးကြပ်ရေး က စစ်ဆေးထားပြီးဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က ဆက်လက် စစ်ဆေး အတည်ပြုဖို့သာ ကျန်တော့တာပါ။ ဧရာဝတီတိုင်း ဟိုင်းကြီး ကျွန်းနားမှာ ဖမ်းမိခဲ့တဲ့ ၇၀၀ ကိစ္စကို စိစစ်ဖို့ စစ်တွေမြို့အခြေစိုက် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေ မနေ့က တောင်ပြိုလက်ဝဲ စခန်းကိုရောက်နေကြပါတယ်။

မြန်မာအာဏာပိုင်တွေစစ်ဆေးချက်အရ အဆိုပါ လှေစီးပြေး ၇၀၀ ထဲမှာ ၅၀၀ကျော်က ဘင်္ဂလားဒေ့ရှိနိုင်ငံသားတွေဖြစ်တယ် လို့ မောင်တောခရိုင် ရဲမှူးကြီး အောင်စောက ပြောပါတယ်။

"ကျနော်တို့ အဲ့ဒီ့လှေစီးဒုက္ခသည်တွေ အတွက်တော့ ကောင်စစ်ဝန် နှစ်ယောက်တော့ ရောက်နေတယ်။ မနေ့က ရောက်တယ် သူတို့။ လှေစီးခရီးသည်က ၇၀၀ ကျော်မှာ ကျနော်တို့ အခုသိရသလောက်ဆိုလို့ရှိရင် ၁၀၀ကျော် ၂၀၀ ပတ်ဝန်းကျင်လောက်ကတော့ ကျနော်တို့ မြန်မာနိုင်ငံကပဲ။ ကျန်တဲ့ ၅၀၀ကျော်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ။ အဲ့ဒီ့ဟာတွေက ကျနော်တို့ စိစစ်လို့ရတဲ့ဥစ္စာတွေက ကိုယ့်မြန်မာနိုင်ငံအတွင်းက သူတွေကတော့ ကိုယ့်မြန်မာနိုင်ငံအတွင်းကိုပဲ ပြန်ပြီးတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ လက်ထဲ ပြန်အပ်မှာပေါ့။ ကျန်တဲ့ဟာကတော့ ကျနော်တို့ သူတို့နိုင်ငံထဲ ပို့ဖို့အတွက် သူတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ပို့ဖို့ စိစစ်ရဦးမှာ။ "

ဒီအတောတွင်း ဘင်္ဂလားဒေ့ရှ်အရံတပ်ဖွဲ့ကို မြန်မာနယ်ခြားစောင့်တပ်က ပစ်ခတ်ပြီး နယ်ခြားစောင့်တပ်သားတဦးကို ဖမ်းဆီးထားတဲ့ကိစ္စနဲ့ပတ်သက်လို့ ဒါကာမြို့တော်မှာ ရှိတဲ့ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် အစိုးရက မနေ့က ဆင့်ခေါ် ကန့်ကွက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး တွဲဖက်အတွင်းဝန် Mizanur Rahman က ပြင်းပြင်းထန်ထန် ရေးသားထားတဲ့ စာကို မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းဆီ ပေးအပ်ပြီး ဖမ်းဆီးခံ နယ်ခြားစောင့်တပ်သားတဦးကို ချက်ခြင်း ပြန်ပေးဖို့ တောင်းဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် The Daily Star သတင်းစာမှာ ဖော်ပြထားပါတယ်။ ဒီပစ်ခတ်မှုကြောင့် စစ်သားတဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

XS
SM
MD
LG