သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရောက် လှေစီးပြေး ၃၇ ယောက် ဘင်္ဂလားဒေ့ရှ် ပြန်ပို့မည်


မြန်မာရေတပ် ထိန်းသိမ်းခဲ့တဲ့ လှေစီးပြေးများ။
မြန်မာရေတပ် ထိန်းသိမ်းခဲ့တဲ့ လှေစီးပြေးများ။

ရခိုင်ပြည်နယ်မှာ သောင်တင်နေတဲ့ လှေစီးပြေး ၈၀၀ လောက်ထဲက ၃၇ ဦးတို့ကို ဘင်္ဂလားဒေရှ့်နိုင်ငံဘက်က ထပ်မံလက်ခံလိုက်ပါတယ်။ ဧရာဝတီတိုင်းမှာ ဖမ်းဆီးရမိပြီး ရခိုင်ပြည်နယ်တွင်းမှာ လက်ခံထားရတဲ့ လှေစီးပြေးတွေကိုလည်း ဘင်္ဂလားဒေရှ့် နိုင်ငံသား စိစစ်မှု လုပ်ငန်းတွေ ပြီးစီးသွားပြီ ဖြစ်ပြီး အမြန်ဆုံး ပြန်ပို့နိုင်ဖို့ ဆောင်ရွက်နေတဲ့ အကြောင်း ရခိုင်ပြည်နယ် အစိုးရက ပြောပါတယ်။ လှေစီးပြေးတွေ ဌာနေပြန်ပို့ရေး နောက်ဆုံးရ အခြေအနေနဲ့ ဘင်္ဂလား - မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့တွေကြား ပစ်ခတ်မှု နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မသိင်္ဂ ီထိုက် စုစည်း တင်ပြထားပါတယ်။

ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင်းက ဖမ်းဆီးရမိတဲ့ လှေစီးပြေး ၂၀၀ တို့ထဲက ဘင်္ဂလားဒေရှ့် နိုင်ငံထံ မလွှဲပြောင်းနိုင်သေးဘဲ ကျန်ရှိနေသေးတဲ့ ၅၀ ထဲက တချို့ကို ဘင်္ဂလားဒေရှ့် အစိုးရဘက်က ထပ်မံလက်ခံလိုက်တာမို့ သောကြာနေ့မှာ ပြန်လည် ပို့ဆောင်ဖို့ စီစဉ်နေကြပါတယ်။ ဧရာဝတီ တိုင်းအတွင်းက ဖမ်းဆီးရမိပြီး ရခိုင်ပြည်နယ်ထဲမှာ ခေတ္တ ထိန်းသိမ်း ထားတဲ့ လှေစီးပြေး၇၀၀ ကျော်တို့ထဲ က မြန်မာနိုင်ငံသား မဟုတ်သူများကိုလည်း ဘင်္ဂလားဒေရှ့် နိုင်ငံသား စိစစ်မှု လုပ်ငန်းစဉ်တွေ ပြီးဆုံးသွားပြီ ဖြစ်တယ်လို့ ရခိုင် ပြည်နယ် အစိုးရ ပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။

"ပထမ တသုတ်ကျန်တဲ့ လူငါးဆယ်မှာ ၃၇ယောက်ကိုလက်ခံပါတယ်ဆိုတာ အဲ့တာက မနက်ဖြန် ပြန်ပို့ဖို့ အစီအစဉ်ရှိတယ်။ အသစ်ရောက်တဲ့ ၇၀၀ ကတော့ အရင် ဘင်္ဂလားဒေ့ရှ်ပို့မယ်။ သူတို့က လူကြည့်မယ်။ ကြည့်ပြီးရင် ကျောန်တို့က လွှဲမယ်။ ဒီကိစ္စက မြန်မြန်ထက်ထက်ဖြစ်အောင်တော့ လုပ်နေကြပါတယ်။"

နောက်ထပ် ဖမ်းဆီးရမိတဲ့ လှေစီးပြေး ၇၀၀ ကျော်တို့ထဲမှာတော့ မြန်မာနိုင်ငံက ၂၀၀ နီးပါးပါရှိခဲ့တာ ဖြစ်ပါတယ်။ လူကုန်ကူးသူတွေ အကူအညီနဲ့ မလေးရှားနိုင်ငံဆီကို ထွက်ခွာကြရင်း ပင်လယ်ထဲမှာ မြောနေသူတွေကို ရခိုင်ပြည်နယ်တွင်းမှာ လက်ခံတာကြောင့်လည်း ပြီးခဲ့တဲ့ သတင်းပတ် အတွင်းကဘဲ ရခိုင်ပြည်နယ် အတွင်းမှာ ဒေသခံ တချို့ ဆန့်ကျင် ဆန္ဒပြခဲ့ကြသေးတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နယ်ခြားစောင့်တပ်တို့ ဗုဒ္ဓဟူးနေ့မှာလည်း အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး မြန်မာ့ရေပိုင်နက်ထဲကို ဝင်ရောက်ခဲ့တဲ့ ဘင်္ဂလား နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦး ကိုမြန်မာဘက်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အစိုးရဘက်ကတော့ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဝင်ရောက် ကိုင်တွယ်တာ မရှိဘဲ နယ်ခြားစောင့်တပ်ဘက်ကဘဲ အရေးယူ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဘက်က မကြာခဏ မြန်မာဘက်ကို ဝင်ရောက်လာတတ်တယ်လို့ ရဲမှူးကြီး ဦးအောင်စောက ပြောပါတယ်။

"တခါတလေကျတော့ ကျနော်တို့ နယ်ခြားစောင့်တပ် ကင်းတွေနဲ့ အလှမ်းဝေးတဲ့အခါကျတော့ သူတို့က အမြန်ယာဉ်စက်လှေစပိဘုတ်တွေနဲ့ လာကြတဲ့အခါကျတော့ ကျနော်တို့ဆီက အလျှင်မီစွာ မလိုက်နိုင်ဘူးဖြစ်နေတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က လာပြီးတော့ ပိုက်ချတဲ့ဟာတွေ ကျနော်တို့ဘက်က နေပြီးတော့ ပိုက်ချနေတဲ့သူတွေ အဲ့လိုပေါ့ တံငါလှေတွေ သူတို့က ပိုက်ဆံတွေရော ငါးတွေရော လုယူကြတာပေါ့အမရာ။"

ဘင်္ဂလားဒေရှ့် ဘက်ကတော့ နှစ်နိုင်ငံ နယ်ခြားမြစ် ဖြစ်တဲ့ နဖ် မြစ်ထဲက မသင်္ကာတဲ့ လှေတစင်းကိုလိုက်ရင်း မြန်မာဘက်က မှားယွင်းပစ်ခတ်ခံရတာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး သူတို့တပ်ဖွဲ့ဝင် ပြန်လည် လွှဲပြောင်းပေးဖို့ မြန်မာနယ်ခြားစောင့်တပ်နဲ့ ညှိနှိုင်းနေတယ်လို့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူရဲ့ အပြောကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

လူမှောင်ခိုကူးသူတွေ၊ မူးယစ်မှောင်ခိုတွေ ရာဇဝတ်မှုတွေကို ထိန်းချုပ်နိုင်ဖို့ အတွက် မြန်မာဘက်က နယ်ခြားစောင့် တပ်ဖွဲ့ကို ပြန်လည် ဖွဲ့စည်းပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာခဲ့ပြီးနောက်ပိုင်း ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်နဲ့ မြန်မာတပ်တို့ ကြား ထိပ်တိုက်တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG