သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန် အီရန်သံရုံး ဗုံးခွဲတိုက်ခိုက်ခံရ


လက်ဘနွန်နိုင်ငံက အီရန်သံရုံးနားမှာ ဒီနေ့ပေါက်ကွဲမှု ၂ ခု ဖြစ်ခဲ့ပြီး လူပေါင်းအနည်းဆုံး ၂၃ ဦး သေဆုံးသွားရာမှာ အီရန်ယဉ်ကျေးမှုဆိုင်ရာ သံအရာရှိတစ်ဦးလည်း ပါသွားခဲ့ပါတယ်။

ဒါ့အပြင် ဘေရွတ်မြို့တော်က ဒီပေါက်ကွဲမှုမှာ နောက်ထပ် လူပေါင်း ၁၄၆ ဦးလည်း ဒဏ်ရာတွေ ရသွားခဲ့တယ်။ ဒါဟာ အကြမ်းဖက်သမားတွေလက်ချက် ဖြစ်တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးက ထုတ်ပြောလိုက်ပါတယ်။

Abduhlla Azzam Brigades လို့ခေါ်တဲ့ al-Qaida နဲ့ အချိတ်အဆက်ရှိတဲ့ အကြမ်းဖက်အဖွဲ့က ဒီဖောက်ခွဲတိုက်ခိုက်မှုကို သူတို့လုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြောခဲ့ပြီး၊ ဆီးရီးယားကနေ အီရန်တပ်တွေ မထွက်ပေးမချင်း နောက်ထပ် တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

လက်ဘနွန်အရာရှိတွေကလည်း ဘေရွတ်မြို့တော် တောင်ပိုင်းမှာဖြစ်တဲ့ ဒီပေါက်ကွဲမှုဟာ အသေခံကား ဗုံးခွဲသမားတဦး လက်ချက်ဖြစ်တယ်လို့ ယူဆထားကြပါတယ်။ လက်ဘနွန်ဆိုင်ရာ အီရန်သံအမတ်ကြီးက အခု သေဆုံးသွားခဲ့တဲ့ သံအရာရှိဟာ ယဉ်ကျေးမှုဆိုင်ရာသံမှူး Sheikh Ibrahim Ansari ဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ဒီဗုံးကွဲခဲ့တဲ့နေရာက အီရန်သံရုံးတည်ရှိတာအပြင်၊ အီရန်နိုင်ငံက ထောက် ခံပေးထားတဲ့ Hezbollah စစ်သွေးကြွအုပ်စု အခြေစိုက်ရာ နေရာလည်းဖြစ်ပါ တယ်။ ဒီနှစ်ထဲအတွင်း ဒီနေရာမှာ အရင်လည်း ဗုံး ၂ ကြိမ် ကွဲခဲ့ဖူးပါတယ်။

ဒီ Hezbollah စစ်သွေးကြွအဖွဲ့အနေနဲ့ အိမ်နီးချင်း ဆီးရီးယားနိုင်ငံက သူပုန်တွေကို တိုက်ခိုက်ရာမှာ အီရန်ထောက်ခံပေးထားတဲ့ ဆီးရီးယားအစိုးရဘက်ကနေ ကူညီတိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ဒီအီရန်သံရုံးအပါအဝင် အနီးနားက အဆောက်အဦးတွေလည်း ကြီးကြီးမားမား ပျက်စီးသွားခဲ့ပြီး၊ မီးလောင်ပြီး၊ မည်းတူးပြီး ပြာကျနေတဲ့ကားတွေနဲ့ လမ်းပေါ်မှာ ထပ်နေတဲ့ အပျက်အစီးပုံတွေကိုလည်း လက်ဘနွန် ရုပ်မြင်သံကြားတွေမှာ ပြသခဲ့ပါတယ်။
XS
SM
MD
LG