သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးခွဲမှု စုံစမ်းရေး KNU ပူးပေါင်းဆောင်ရွက်


 ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ရှင်းလင်းပြောဆိုနေစဉ်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ရှင်းလင်းပြောဆိုနေစဉ်။
လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ အတွင်းက နေရာတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ အစိုးရနဲ့ KNU အဖွဲ့အကြား ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။ ဗုံးခွဲမှုတွေမှာ အဓိက တာဝန်ရှိတယ်လို့ ယူဆထားတဲ့ စောမြင့်လွင်ကို KNU ဗဟို အလုပ်အမှုဆောင်တဦး လာရောက် စစ်ဆေးနေတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်အတွင်းမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ဗုံးခွဲမှုမှာ မသင်္ကာသူတွေကို ဖမ်းဆီးရမိပုံ၊ သူတို့ကို စစ်ဆေး မေးမြန်းချက်တွေက ရရှိလာတဲ့ သတင်းအချက်အလက်တွေအကြောင်း စတာတွေကို အကျယ်တဝင့် ရှင်းပြသွားတာပါ။

လောလောဆယ် ဖမ်းဆီးထိန်းသိမ်းထားတဲ့ စောမြင့်လွင့်အပါအဝင် တခြား မသင်္ကာသူတွေကို မြန်မာအစိုးရ တာဝန်ရှိသူတွေတင်သာမကပဲ ဒီလူတွေထဲက တချို့ဟာ တချိန်က ကေအဲန်ယူအဖွဲ့ လက်အောက်ခံ စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ဖူးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့် ကေအဲန်ယူက တာဝန်ရှိသူတွေပါ လာရောက် စစ်ဆေးပြီးတော့ ပူးပေါင်း လုပ်ဆောင်နေတယ် လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်၊ အစိုးရပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးရဲထွဋ်က ပြောပါတယ်။

"ဒီကိစ္စ စဖြစ်တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ စပြီးတော့မှ သံသယရှိတဲ့ သတင်း အချက်အလက်တွေ ရရှိတော့ သက်ဆိုင်ရာ ကေအဲန်ယူ အဖွဲ့အစည်းနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ရဲချုပ်ကြီး တင်ပြခဲ့တဲ့အထဲမှာလည်း ပါပါတယ်။ မော်လမြိုင်ဘက်မှာ မိတာဆိုရင် ကေအဲန်ယူကနေပြီးတော့မှ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ လုပ်ခဲ့တာရှိတယ်။ အဲ့တော့ ကေအဲန်ယူ အဖွဲ့အစည်းဟာ နိုင်ငံတော်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကို အစောဆုံး လက်မှတ်ထိုးထားတဲ့ အဖွဲ့ထဲမှာ ပါပါတယ်။ အကြာဆုံး အဖွဲ့လည်းဖြစ် ပါတယ်။ ကေအဲန်ယူခေါင်းဆောင်များအနေနဲ့ဆိုရင် ကျနော် မှတ်မိသလောက် ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုး ဦးစီးတဲ့ခေါင်းဆောင်တွေဟာ သမ္မတကြီးနဲ့သုံးကြိမ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ သုံးကြိမ်အထိ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ဆိုလိုတာက အောက်ခြေတပ်ဖွဲ့ဝင်တွေကြားထဲမှာရော၊ နှစ်ဖက်ခေါင်းဆောင်များကြားထဲမှာရော အပြန်အလှန်ယုံကြည်မှုဟာ အင်မတန်မှ ခိုင်မာတဲ့ အခြေအနေမှာ ရှိပါတယ်။

ဒါကြောင့်မို့ ကျနော်တို့ အနေနဲ့က ကေအဲန်ယူ အဖွဲ့အစည်းအနေနဲ့ ဒီကိစ္စမျိုးမှာ လုံးဝ လုပ်မှာမဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်။ အဲ့တော့ ကေအဲန်ယူ ဗဟိုအလုပ်အမှူဆောင်ကော်မတီဝင် တစ်ယောက်ကလည်း ခုနက ကျနော်ပြောသလိုပဲ ရန်ကုန်မှာ ရောက်ရှိနေပြီးတော့မှ ကျနော်တို့ စောမြင့်လွင်နဲ့တွေ့ဆုံပြီး သူတို့သိချင်တဲ့ အချက်အလက်တွေ မေးနေတာတွေ ရှိပါတယ်။ နောက်ပြီး ကျနော်တို့ဆက်လက် ပူးပေါင်းပြီးတော့မှ အပြန်အလှန် သတင်းဖလှယ်ပြီးတော့မှ နောက်ထပ် ထပ်ဖြစ်လာနိုင်တဲ့ဟာတွေပေါ့နော်။ သတင်းဆက်တွေကို ဆက်လက်ဖော်ထုတ် သွားမှာဖြစ်ပါတယ်။ ခုနက ကျနော်ပြောတဲ့အတိုင်း ပြန်ပြောရရင်တော့ ကေအဲန်ယူအဖွဲ့အစည်းအနေနဲ့ ဒီကိစ္စမှာ လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိဘူးဆိုတာ ကျနော်တို့အနေနဲ့ ယုံကြည်ပါတယ်။ ကေအဲန်ယူအနေနဲ့ရော တိုင်းရင်းသားအားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်ကိုလည်း ထိခိုက်စရာ အကြောင်းမရှိပါဘူး။

နောက်တခါ အစိုးရနဲ့ ကေအဲန်ယူ ပူးပေါင်းပြီးတော့ လည်း ပြည်လုံးကျွတ်ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ကိုလည်း ကျနော်တို့ မဖြစ်မနေ ဆက်လက် လုပ်ဆောင်သွားမယ် ဆိုတာ နှစ်ဖက်စလုံး ကလည်း အပြန်အလှန် ကတိပြုထားပြီး ဖြစ်ပါတယ်။ "

ကိုဇော်ဝင်းလှိုင်မေးမြန်းချက်။ ။ " ကေအဲန်ယူက အရာရှိတွေ စောမြင့်လွင် ကို တွေ့တယ်ဆိုတာ သူတို့လည်း သူတို့လိုချင်တဲ့အချက်အလက်တွေကို သိချင်လို့ လာစုံစမ်းစစ်ဆေးတာလား။"

ဦးရဲထွဋ်။ ။ "ဟုတ်ပါတ ယ်။ ကျနော်တို့လည်း ကျနော်တို့ရတဲ့ သတင်း အချက် အလက်တွေ ဖလှယ်တာပေါ့။ ဒီလိုတော့ ပြောနေပြီ ဆိုတာ ပြောလိုက် ပါတယ်။ ပြောလိုက်တဲ့ အခါကျတော့ ကေအဲန်ယူ ကနေပြီးတော့မှ CEC ပေါ့၊ ဗဟိုအလုပ်အမှူဆောင်ကော်မတီဝင် တစ်ဦး ဆင်းလာပါတယ်။ ဆင်းလာပြီးတော့မှ သူကိုယ်တိုင်လည်း အင်တာဗျူးလုပ်ပါတယ်။ သူ့ကရင်ဘာသာနဲ့ပဲ မေးတာပါ။ မေးပြီးတော့မှ ကျနော်တို့ဆီက ရတဲ့သတင်းအချက်အလက်နဲ့ တိုက်ဆိုင်စစ်ဆေးပြီးတော့ သူလည်း လက်ခံပါတယ်။"

အဲဒီ ကေအဲန်ယူ ဗဟိုကော်မီတီဝင်ဟာ ဒီကနေ့ပဲ စောမြင့်လွင်ကို လာရောက် စစ်ဆေးတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို ပူးပေါင်း လုပ်ဆောင် လိုက်ခြင်းက နောင် လုပ်မယ့် လုပ်ငန်းတွေအတွက်လည်း နားလည်မှု ပိုမို ရရှိသွားစေနိုင်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

မကြာသေးခင်ရက်တွေအတွင်း ပြုလုပ်ခဲ့တဲ့ စုံစမ်း စစ်ဆေးမှုတွေ အရ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံမှာ ဝင်ရောက် လုပ်ကိုင်တာတွေ ကို နှောက်ယှက်ဖို့၊ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေကို နှောက်ယှက် ဖျက်ဆီးဖို့ ရည်ရွယ်တာကို တွေ့ရှိရကြောင်း စောမြင့်လွင်ရဲ့ ကိုယ်ရေးရာဇဝင်နဲ့ အစချီပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ပြောပါတယ်။

"စောမြင့်လွင်ရဲ့ ဘက်ကရောင်း အပြည့်အစုံမှာ စောမြင့်လွင် ဟာ သူက ကေအဲန်ယူ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒုတိယ အချက်က နောက်ကွယ်ကနေပြီးတော့မှ စီမံညွှန်ကြားတဲ့ နေတိုးရဲ့ အနေအထားပါ။ နေတိုးကတော့ ကျနော်တို့ ကေအဲန်ယူအဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်း အဖွဲ့တခုမှာ ပါဝင်တဲ့ ပြောရမယ်ဆိုရင် စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ တာဝန်ခံတစ်ယောက်ဖြစ်တယ်ဆိုတာ တင်ပြလိုပါတယ်။

နောက်သံတွဲကိစ္စ၊ အာဆီယံဆီးဂိမ်း၊ ဒီကိစ္စတွေကို ကျနော်တို့ရှေ့မှာ တော်တော်လေး ဆွေးနွေး သွားပြီးပါပြီ။ လက်ရှိဖော်ထုတ် ချက်တွေ အရတော့ သူ့ရဲ့အကျိုးအကြောင်းက ၁အချက်ကတော့ ခရီးသွား လုပ်ငန်းတွေ တိုးချဲ့လာတာတွေကို အဟန့်အတားဖြစ်စေဖို့နဲ့ နောက်တခါ ၂ အချက်ကတော့ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းဧရိယာတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ တိုးလာမှာ တားဆီးဖို့၊ အဲ့ဒီ့လောက် ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ ဖော်ထုတ်ချက်အရတော့ ကျနော်တို့ ဒီလောက်ပဲ ရှင်းလင်းဖြေကြားနိုင်ပါတယ်။"

လတ်တလော ဗုံးဖောက်ခွဲမှုနဲ့ ဆက်နွယ်ပြီး သံသယရှိသူအဖြစ် ဖမ်းဆီးထားသူ ၈ ယောက်ကို စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒီဗုံးဖောက်ခွဲမှုတွေနဲ့ ပတ်သက်လို့ မသင်္ကာသူတွေကိုလည်း လိုက်လံ စုံစမ်း ဖော်ထုတ်နေဆဲဖြစ်ပြီး နိုင်ငံပိုင် သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေ ကလည်း သူတို့ရဲ့ ရုပ်ပုံတွေကို ပြသနေတာပါ။ မသင်္ကာသူတွေကို ဖမ်းဆီး ရမိဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီ အပါအဝင် Interpol လို့ခေါ်တဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့ အကူအညီကိုလဲ ရယူနေပါတယ်လို့ ရဲချုပ် ဇော်ဝင်းက ပြောပါတယ်။

အနဲဆုံး လူ ၂ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေရခဲ့ကြတဲ့ ဗုံးဖောက်ခွဲမှုတွေမှာ အိမ်တွင်းဖြစ်ဗုံးတွေကို အသုံးပြုခဲ့တာ တွေ့ရှိရသလို၊ အမျိုးအစားတူတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို အခြေခံ တည်ဆောက်ထားတဲ့ အတွက်လည်း အဖွဲ့အစည်းတခု၊ အုပ်စုတခုက စီစဉ်တယ်လို့ အာဏာပိုင်တွေက သံသယ ရှိနေကြပါတယ်။

မြန်မာနိုင်ငံဟာ မကြာခင်မှာ SEA Games - အရှေ့တောင်အာရှ အာကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိနေသလို အဲဒီ အားကစားပြိုင်ပွဲ ပြီးပြီးချင်းဆိုသလိုပဲ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်းရဲ့ အလှည့်ကျ ဥက္ကဌအဖြစ် ပထမဆုံးအကြိမ် တာဝန် ထမ်းဆောင်တော့မှာ ဖြစ်တဲ့အတွက် အခုလို ဗုံးခွဲ တိုက်ခိုက်မှုတွေ ဟာ မြန်မာလူထုအတွက်သာ မကပဲ နိုင်ငံတကာ အသိုင်းဝိုင်းအတွက်လည်း စိုးရိမ်စရာကိစ္စ ဖြစ်လာနေတာပါ။

ဒါကြောင့် လုံခြုံရေးလုပ်ငန်းတွေ တိုးမြင့် လုပ်ဆောင်တာ အပါအဝင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ နည်းပညာပိုင်းဆိုင်ရာတွေအတွက် ကျပ် ၆ ဘီလီယံ အသုံးပြုသွားဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ပြောကြားသွားပါတယ်။
XS
SM
MD
LG