သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓဂါယာ တိုက်ခိုက်မှု မသင်္ကာသူ ၁ ဦးဖမ်းမိ


ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေစဉ် (၇ ဇူလိုင် ၂၀၁၃)
ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေစဉ် (၇ ဇူလိုင် ၂၀၁၃)
အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ နေရာဖြစ်တဲ့ ဗုဒ္ဓဂါယာမှာ တနင်္ဂနွေနေ့က ဆက်တိုက် ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာနဲ့ပတ်သက်လို့ လူတစ်ဦးကို ထိန်းသိမ်းထားပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မူဆလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ တနင်္ဂနွေနေ့က တိုက်ခိုက်မှုဟာ ဆက်နွယ်ပတ်သက်မှု ရှိနိုင်တဲ့အခြေအနေအပေါ် ထောက်လှမ်းရေး အေဂျင်စီတွေက စုံစမ်းထောက်လှမ်းနေကြတဲ့အကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ ဗွီအိုအေသတင်းထောက် Anjana Pasricha သတင်းပို့ထားတာကို မမိုးဖြူ က တင်ပြထားပါတယ်။

ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ် နေရာဖြစ်တဲ့ အိန္ဒိယနိုင်ငံ Bihar ပြည်နယ်မှာရှိတဲ့ ဗုဒ္ဓဂါယာကျောင်းဝန်းထဲမှာရှိတဲ့ လုံခြုံရေး ကင်မရာမှတ်တမ်းကနေ စစ်ဆေးတွေ့ရှိချက်တွေနဲ့ သက်သေခံချက်တွေကို ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးခဲ့ကြပြီးနောက်ပိုင်း အခုလို ဖမ်းဆီးမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့နေရာဟာ ဗုဒ္ဓဘုရားရှင် သဗ္ဗညုတဉာဏ်တော် ရခဲ့တဲ့နေရာလို့ ယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် အမြင့်မြတ်ဆုံး နေရာလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ် နေရာမှာ ဗုံးပေါက်ကွဲမှု ၁၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး Sushi Kumar Shinde က Hindi ဘာသာနဲ့ အခုလို ပြောပါတယ်။

“ဝန်ကြီး Kumar Shinde ပြောသွားတာက ဗုဒ္ဓဂါယာဝန်းထဲမှာ စုစုပေါင်း ဗုံး ၁၃ လုံး ထောင်ခဲ့ပြီး အသက် ၃၀ အရွယ်နဲ့ ၅၀ အရွယ် လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်ဆိုတာပါပဲ။ နောက်ထပ် သိရတဲ့သတင်းတွေအရ ဒဏ်ရာရသူတွေထဲမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး၊ တိဘက်ဘုန်းတော်ကြီး တစ်ပါးနဲ့ အရပ်သားတစ်ယောက်တို့ ပါတယ်။” လို့ဆိုပါတယ်။

ပေါက်ကွဲတဲ့ ပြင်းအား သိပ်ပြီး မကြီးမားတာမို့ အပျက်အစီး ကြီးကြီးမားမား မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီဗုံးခွဲမှုဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ် နေရာကို ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် တာဝန်ရှိသူတွေက ရှုမြင်ကြတာမို့ စိုးရိမ်ပူပန်မှုတွေလလည်း မြင့်မားနေပါတယ်။

ဒီတိုက်ခိုက်မှုဟာ မြန်မာနိုင်ငံထဲက ဗုဒ္ဓဘာသာအသိုင်းအဝန်းနဲ့ လူနည်းစု ရိုဟင်ဂျာ မူဆလင်တွေကြား အမုန်းတရားကြောင့်လို့ စွပ်စွဲပြောဆိုကြတဲ့ ပဋိပက္ခကို လက်တုံ့ပြန် တိုက်ခိုက်တာဖြစ်တယ်လို့ အိန္ဒိယ ထောက်လှမ်းရေးအေဂျင်စီက သတိပေး ပြောဆိုပါတယ်။

ဒါပေမဲ့ New Delhi မြို့က ပဋိပက္ခ လေ့လာဆန်းစစ် စီမံခန့်ခွဲရေးအဖွဲ့ခေါင်းဆောင် Ajay Sahni ကတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်အဖွဲ့တွေနဲ့ ဗုံးပေါက်ကွဲမှုက တိုက်ရိုက်ပတ်သက်နေတဲ့ အထောက်အထား မတွေ့ရဘူးလို့ ပြောဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ လက်ချက်လို့ ယူဆရပြီး အဲ့ဒီအဖွဲ့တွေဟာ တခြားအကြမ်းဖက် လုပ်ရပ်တွေကို လုပ်နေကြတယ်လို့ စွပ်စွဲခံထားရတာလည်း ဖြစ်ပါတယ်။

“အခုဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ ပါကစ္စတန်အကြမ်းဖက် ကွန်ရက်နဲ့ ဆက်စပ်နေတယ်ဆိုတာ သိသာပါတယ်။ မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာတွေနဲ့ဖြစ်တဲ့ ပြဿနာကို အကြောင်းပြုပြီး လက်စားချေတဲ့သဘောနဲ့ ပါကစ္စတန် အကြမ်းဖက် ကွန်ရက်နဲ့ဆက်စပ်တဲ့ အုပ်စုဟာ ဒီပြဿနာနဲ့ ဆက်နွယ်နေတာပါ။ တိုက်ခိုက်သူတွေက ဒီလူတွေပဲဖြစ်ပေမဲ့ ပစ်မှတ်က အသစ်ပြောင်းသွားတာပါ။ အရင်က ဗုဒ္ဓဘာသာဝင်တွေကို ပစ်မှတ်မထားခဲ့ပဲ အခုမှ စတိုက်ခိုက်တာပါ”

Bihar ပြည်နယ် အရှေ့ပိုင်းက Orissa နဲ့ Uttarpradesh လို ဗုဒ္ဓဘာသာရဲ့ အထွတ်အမြတ် နေရာတွေမှာ လုံခြုံရေး ပိုပြီး တင်းတင်းကျပ်ကျပ် ချထားလာတာပါ။ နောက်ပိုင်းမှာ အရှေ့အာရှနိုင်ငံတွေမှာ ဗုဒ္ဓတရားတော် ပိုထွန်းကားလာပေမဲ့ တချို့ဗုဒ္ဓဘာသာဝင်တွေကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ လောက်က အိန္ဒိယမှာ မြတ်စွာဘုရားရှင် တရားဦး ဟောတော်မူခဲ့တဲ့ နေရာကို ဗုဒ္ဓဘာသာရဲ့ အထွတ်အမြတ်အဖြစ် နေရာထားကြဆဲ ဖြစ်ပါတယ်။

Bihar ပြည်နယ်ဝန်ကြီးချုပ် Nitish Kuma ကတော့ ဗုဒ္ဓဂါယာမှာရှိတဲ့ ဘုရားကျောင်း ပုရဝုဏ်တွေ လုံခြုံရေးကို တင်းကျပ်မယ်လို့ ကတိပေး ပြောဆိုပါတယ်။ သူ Hindi ဘာသာနဲ့ ပြောသွားတာကတော့ အခုတိုက်ခိုက်ခံရတဲ့ နေရာတွေဟာ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းရမှာဖြစ်လို့ လုံခြုံရေးတပ်ဖွဲ့တွေ တိုးပို့ပေးဖို့ ဗဟိုအစိုးရကို အကူအညီ တောင်းမယ်လို့ ပြောသွားတာပါ။

ထိုင်းနဲ့ဂျပန်နိုင်ငံလို အရှေ့တောင်အာရှ နိုင်ငံတွေက ထောင်နဲ့ချီတဲ့ ဘုရားဖူးတွေဟာ ဘာသာရေးဆိုင်ရာ ခရီးသွားလုပ်ငန်း တိုးတက်ဖို့ ကြိုးစားနေတဲ့ အိန္ဒိယရဲ့ ဗုဒ္ဓဘာသာ အထွတ်အမြတ် နေရာဒေသတွေကို သွားရောက် လည်ပါတ်ဘုရားဖူးနေကြတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG