သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ် အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက် ၄ ခုဖွင့်


မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ဖွင့်ပွဲအခမ်းအနား (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း) ၂၈ သြဂုတ် ၂၀၁၃
မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ဖွင့်ပွဲအခမ်းအနား (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း) ၂၈ သြဂုတ် ၂၀၁၃
မြန်မာနိုင်ငံကို လာရောက်ဖို့ ပြည်ဝင်ခွင့်ဗီဇာ ရရှိထားတဲ့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ထိုင်းနိုင်ငံသားတွေ အပါအဝင် ကမ္ဘာလှည့်ခရီးသွားတွေ ထိုင်း-မြန်မာနယ်စပ်တွေကနေ ဝင်ခွင့်ပေးဖို့အတွက် နှစ်နိုင်ငံ သဘောတူညီမှုရခဲ့ပါတယ်။ ထိုင်း-မြန်မာနယ်စပ် ဂိတ် ၄ ခုကို ဒီကနေ့ စတင် ဖွင့်လှစ်ပေးလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းနယ်စပ်အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ခိုင်လုံတဲ့ ခရီးသွားလက်မှတ်နဲ့ ပြည်ဝင်ခွင့်ဗီဇာ ပါရှိတဲ့ မြန်မာ-ထိုင်း နှစ်နိုင်ငံသားတွေ အပါအဝင် အခြား နိုင်ငံခြားသား ခရီးသွားတွေကို နယ်စပ်ဂိတ်တွေကနေ ဝင်ထွက်ခွင့်ပြုတဲ့ ဖွင့်ပွဲ အခမ်းအနားတွေကို မြဝတီနယ်စပ်ဂိတ် အပါအဝင် နယ်စပ်နေရာ လေးခုမှာ တပြိုင်တည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အိမ်နီးနားချင်း ၅ နိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံဟာ နယ်စပ်ဂိတ်ပေါင်း ၁၆ ခုရှိရာမှာ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ် ၆ ခုရှိပါတယ်။ ဒီထဲက ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေအတွက် မြဝတီ-မဲဆောက်၊ တာချီလိတ်-မယ်ဆိုင်၊ ကော့သောင်း-ရနောင်းနဲ့ ထီးခီး-နမ့်ဖုရော်န် စတဲ့ နယ်စပ်ဂိတ်တွေကို အပြည်ပြည်ဆိုင်ရာ ဝင်ပေါက် ထွက်ပေါက်တွေအဖြစ် ဖွင့်လှစ်ခဲ့တာပါ။ သြဂုတ်လ ၂၈ ရက်နေ့ မြဝတီမြို့ နယ်စပ်တံတားထိပ်မှာလုပ်တဲ့ နယ်စပ်ဂိတ် ဖွင့်ပွဲအခမ်းအနားမှာတော့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က အခုလို ပြောပါတယ်။
ဝန်ကြီး ဦးခင်ရီ
ဝန်ကြီး ဦးခင်ရီ

“ထိုင်းနိုင်ငံအကြား နယ်စပ်ဒေသ မြဝတီ-မဲဆောက် ဝင်ထွက်ပေါက်ကို အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်အဖြစ် တိုးချဲ့ဖွင့်လှစ်ပေးမယ့် အခုလို မင်္ဂလာရှိတဲ့ အခမ်းအနားကို တက်ရောက် ချီးမြှင့်ပေးပါသော ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကရင်ပြည်နယ် လုံခြုံရေးဝန်ကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ ထိုင်းနိုင်ငံဘက်မှ ဧည့်သည်တော်များနှင့် တခြား ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သတင်းမီဒီယာများ အားလုံးကို စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ပါစေကြောင်း ဦးစွာ ပနာမ နှုတ်ခွန်းဆက်သပါတယ်။ ကျနော်တို့နိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ စနစ်အရ နိုင်ငံတော်ရဲ့ နယ်နမိတ်ပိုင်နက်အတွင်း ဝင်ရောက်လိုသူ နိုင်ငံတကာ ခရီးသွားများနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာလှည့်ဗီဇာ၊ လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ်သန်းဗီဇာ၊ သံတမန်ဗီဇာ၊ အကြိမ်ကြိမ် (ကျော်လွန်)ခွင့်ဗီဇာ စတဲ့ ဗီဇာအမျိုးအစား ၆ မျိုးနဲ့ ဝင်ထွက်ခွင့်ပြုလျက်ရှိပါတယ်။”

နယ်စပ်ဂိတ်တွေ ဖွင့်ထားတဲ့ နယ်စပ်တွေမှာ တိုင်းရင်သား လက်နက်ကိုင်တွေ နေရာတွေဖြစ်တဲ့အတွက် နိုင်ငံခြားသားခရီးသွားတွေအတွက် အဆင်ပြေ ချောမွေ့စေဖို့ ကူညီလုပ်ဆောင်စေချင်ကြောင်းကိုလည်း ပြည်ထေင်စုဝန်ကြီး ဦးခင်ရီ က ပြောဆိုပါတယ်။

“ကိုယ့်ပြည်နယ်ကို ဖြတ်ပြီးဝင်ရောက်လာတဲ့ နိုင်ငံတကာ ခရီးသည်၊ ခရီးသွားများကို စိတ်ထားဖြူစင်စွာနဲ့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ဓလေ့စရိုက်နဲ့အညီ ခရီးသွားတွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်စေဖို့၊ အဆင်ပြေချောမွေ့စေဖို့၊ လုံလုံခြုံခြုံ ရှိစေဖို့ အပါအဝင် လိုအပ်ချက် အ၀၀ကို ကူညီဖြည့်ဆည်းစီစဉ်ဆောင်ရွက်ပေးနိုင်ဖို့၊ လုပ်ပေးရမယ်ဆိုတဲ့ တာဝန်ဝတ္တရားကလည်း တပါတည်း ပူးတွဲ ပါရှိလာပြီ ဆိုတာကိုလည်း သတိချပ်ရမှာဖြစ်ပါတယ်။”

နယ်စပ်ဂိတ်တွေ အခုလို ဖွင့်လှစ်လိုက်တဲ့အတွက် နိုင်ငံခြားသား ခရီးသွားတွေအတွက် အဆင်ပြေမှုတွေ ရှိပေမဲ့ အခု ဖွင့်တဲ့ နယ်စပ်တွေမှာ နိုင်ငံတကာအဆင့်မှီ ဟိုတယ်တွေ မရှိသေးတာတွေ နယ်စပ်မြို့တွေမှာ နိုင်ငံတကာအဆင့်မှီ သန့်ရှင်းမှုတွေနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုတွေ ဖြစ်လာဖို့ အတွက်ကတော့ စိန်ခေါ်မှုတွေ ရှိနေဆဲပါ။

မကြာသေးခင်က ရေဘေးဒဏ်ခံရတဲ့ မြဝတီမြို့မှာတော့ ရေကျသွားတာ ၁ လနီးပါး ရှိလာပေမဲ့လည်း သန့်ရှင်းမှုတွေ မရှိသေးသလို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုတွေ မရှိတဲ့အတွက် ခရီးသွားတွေအတွက် ကုန်ပစ္စည်း ဆုံးရှုံးမှုတွေနဲ့ အန္တရာယ် များတာတွေကို ကြုံနေရဆဲပဲလို့ ကုန်သည်တဦးက ပြောပြပါတယ်။

“ကျနော်တို့ ဒီနေ့ကျတော့ ကားတန်းက အတက်ပေါ့နော်။ အတက်ကို ကားတွေ ပိတ်နေလို့ ကားတွေ ကော့ကရိတ်ကို ပြန်နေတာ အများကြီးပဲအမ။ --- မှာ ကားတွေ ပိတ်နေတယ်။ အဲ့ဒါတွေက အမြဲတမ်းပဲ။ --- မှာလိုက်တယ်။ အခုထိ မရောက်နိုင်ဘူးဖြစ်နေတယ်။ ရက်ချိန်းမမှန်ဘူးလေ။ လမ်းက အခုလက်ရှိက သင်္ကန်းညီနောင်အထိပဲ ကောင်းတာကိုး။ ဟိုဘက်အပိုင်းက မကောင်းသေးဘူးလေ။ အဲ့ဒီအပိုင်းကိုတော့ သူတို့ ဘယ်လိုလုပ်မလဲ မသိဘူး။ လမ်းကောင်းမှပဲ ကုန်စည်သယ်ဆောင်ရတာ လွယ်ကူမှာပေါ့။ ဈေးတွေဘာတွေ မတက်ဘူး။ ဟိုဒင်းပေါ့ အခု မိုးတွင်းဆို ပစ္စည်းတွေ အပျက်အစီးတွေ များတယ်လေ။ မိုးမိတာတွေ ဘာတွေကြောင့်။”

မြဝတီကနေ ရန်ကုန်ကိုသွားဖို့ လမ်းဟာ နေ့စဉ် ကားအသွားအလာတွေမရှိဘဲ အသွား တစ်ရက် အပြန် တစ်ရက် လမ်းလုပ်ထားသလို တောင်တက် တောင်ဆင်းလမ်းတွေမှာ မကြာခဏ ကားမှောက်တာတွေ မကြာခဏ လမ်းပျက်တာတွေ ကြုံနေရတာကြောင့် ခရီးသွားတွေအတွက် အချိန်နှောင့်နှေး ကြန့်ကြာမှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

ဒီအတွက် မြန်မာနိုင်ငံဘက်မှာ လမ်းပန်းဆက်သွယ်ရေးအရ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာမယ်ဆိုရင်တော့ နယ်စပ်ဂိတ်တွေ ဖွင့်ထားခြင်းဟာ ကမ္ဘာလှည့်ခရီးသွားတွေကို မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့အတွက် စွဲဆောင်မှုတွေ ဖြစ်လာစေမှာ ဖြစ်ပါတယ်။
XS
SM
MD
LG