သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘော့စ်နီးယား-ခရိုအက်ခေါင်းဆောင် ၆ ဦးကို ပြစ်ဒဏ်ချမှတ်


ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲစဉ် ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက မူဆလင် အမျိုးသမီးတွေကို သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ ဘော့စ်နီးယားက နှင်ထုတ်ခဲ့တဲ့ အမှုတွေနဲ့ ဘော့စ်နီးယားနိုင်ငံက ခရိုအေးရှား နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် ၆ ယောက်ကို ကုလသမဂ္ဂရဲ့ စစ်ရာဇဝတ် ခုံရုံးကနေ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

ယူဂိုဆလားဗီးယား နိုင်ငံဟောင်းက စစ်ရာဇဝတ်မှုတွေအတွက် ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးက တရားသူကြီးတွေကတော့ ကွယ်လွန်သွားတဲ့ သမ္မတဟောင်း Franjo Tudjman အပါအဝင် ခရိုအေးရှား ခေါင်းဆောင်ဟောင်းတွေဟာ ဘော့စ်နီးယားနိုင်ငံထဲမှာ ခရိုအေးရှား တိုင်းပြည် ထူထောင်ဖို့ ကြိုးပမ်းရာမှာ ပါဝင်ခဲ့တယ်လို့လည်း ပြောပါတယ်။

လူသတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ တိုင်းပြည်က နှင်ထုတ်တဲ့ လုပ်ရပ်တွေဟာ စည်းမဲ့ကမ်းမဲ့ စစ်သားတစုရဲ့ ကြုံသလို လုပ်ရပ်မျိုးတွေ မဟုတ်ဘဲ ဘော့စ်နီးယားမှာရှိတဲ့ ခရိုအေးရှားတွေက ပိုင်ဆိုင်ကြောင်း ပြောနေတဲ့ နယ်မြေကနေ မူဆလင်တွေကို အပြီးတိုင် ဖယ်ရှားဖို့ အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။

အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရသူ ၆ ဦးကိုတော့ ထောင်ဒဏ် ၁၀ နှစ်ကနေ ၂၅ နှစ်အထိ စီရင်ခဲ့ပြီး၊ ဒီအထဲမှာတော့ ဘော့စ်နီးယားနိုင်ငံတွင်း ခရိုအေးရှား တိုင်းပြည်အဖြစ် ကြေညာရာမှာ ဦးဆောင်ခဲ့သူ Jadranko Prlic ကို အမြင့်ဆုံး ပြစ်ဒဏ်ပေးခဲ့တာပါ။

ဘော်လကန်စစ်ပွဲအတွင်း ယဉ်ကျေးမှုတွေကို ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်တွေအနက် ထင်ရှားတဲ့ ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ Mostar တံတားကို ဖျက်စီးမှုအတွက်လည်း သူတို့ ၆ ဦးစလုံးမှာ တာဝန်ရှိကြောင်း ကုလသမဂ္ဂရဲ့ စစ်ရာဇဝတ်ခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
XS
SM
MD
LG