သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boston အပြင် အခြားတိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ်ရှိခဲ့ပုံရ


ဘော်စတွန်ဗုံးဖောက်ခွဲမှု သံသယရှိသူ Tsarnaev ညီအစ်ကို။
ဘော်စတွန်ဗုံးဖောက်ခွဲမှု သံသယရှိသူ Tsarnaev ညီအစ်ကို။
ဘော်စတွန် မာရသွန်ဗုံးခွဲမှုလုပ်တယ်လို့ သံသယရှိသူ ညီအစ်ကို ၂ ယောက်ဟာ နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဖို့လည်း စီစဉ်ခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြောင်း ထိပ်တန်းရဲအရာရှိတယောက်က ပြောလိုက်ပါတယ်။ Tsarnaev ညီအစ်ကိုနဲ့ ရဲတွေကြား သောကြာနေ့က အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက်မှာ ဖွက်ထားတဲ့ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို အာဏာပိုင်တွေ ရှာတွေ့ခဲ့တယ်လို့ ဘော်စတွန်မြို့ ရဲမှူးကြီး Ed Davis က CBS ရုပ်သံရဲ့ တနင်္ဂနွေနေ့ Face the Nation အစီအစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊

အခင်းဖြစ်တဲ့နေရာမှာ မပေါက်ကွဲသေးတဲ့ဗုံးတွေနဲ့ ပြန့်ကြဲနေခဲ့ပြီး Tsarnaev ညီအစ်ကို ခိုးသွားတယ်ဆိုတဲ့ကားထဲမှာ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်း တခုကို ရဲကရှာတွေ့တယ်လို့ ရဲမှူးကြီးကပြောပါတယ်။ အပြန်အလှန်ပစ်ခတ်ခဲ့မှုအတွင်း အသက် ၂၆ နှစ်အရွယ် Tamerlan သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းကတော့ သူ့ညီ Dzhokhar ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ သူ့ကို ဖမ်းမိခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် Dzhokhar ဟာ ပြင်းထန်တဲ့ဒဏ်ရာနဲ့ ဆေးကုသခံနေရဆဲဖြစ်ပါတယ်။ ဒဏ်ရာနဲ့ ဆေးအရှိန်တွေကြောင့် လောလောဆယ် စကားပြောနိုင်တဲ့ အခြေအနေမှာ မရှိသေးပါဘူး။ သူ့ကုတ်ပိုးနဲ့ လည်ပင်းတဝိုက်မှာ သေနတ်ဒဏ်ရာတခု ရထားတယ်လို့ ဘော်စတွန်မြို့တော်ဝန် Thomas Menino က ABC ရုပ်သံကိုပြောခဲ့ပါတယ်။

ဒီဒဏ်ရာဟာ သူ့ဖာသာသူလုပ်လို့ရတဲ့ ဒဏ်ရာဖြစ်ကောင်းဖြစ်မယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ Dzhokhar Tsarnaev ရဲ့ အခြေအနေတိုးတက်လာရင် မေးမြန်းစစ်ဆေးဖို့ FBI အကြမ်းဖက်မှုတန်ပြန်ရေး အထူးကျွမ်းကျင်သူတယောက်က အသင့်ရှိနေပါတယ်။
XS
SM
MD
LG