သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘော်စတွန်မာရသွန် ဗုံးဖောက်ခွဲသူအပေါ် သေဒဏ်စီရင်


ဘော်စတွန်မာရသွန်အပြေးပြိုင်ပွဲ ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့သူ Dzhokhar Tsarnaev ကို ၂၀၁၃ ခုနှစ်က လူ ၃ ဦးသေဆုံးပြီး၊ ၂၆၄ ဦး ဒဏ်ရာရခဲ့တဲ့ သွေးထွက်သံယို တိုက်ခိုက်မှုအတွက် တရားဝင် သေဒဏ်စီရင်ချက် ချလိုက်ပါတယ်။

ပြီးခဲ့တဲ့လက အဖွဲ့ဝင် ၁၂ ဦးပါ ဂျူရီအဖွဲ့က ကန့်ကွက်မဲမရှိ ထောက်ခံခဲ့တဲ့ Tsarnaev အပေါ် သေဒဏ်ပေးမှုကို ဗဟိုအစိုးရတရားသူကြီးက ဗုဒ္ဓဟူးနေ့က တရားဝင် အခုလို စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။

စီရင်ချက်မချမီ အများပြည်သူကို ပြောကြားဖို့ အခွင့်အရေးရခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ သေဆုံးခဲ့သူတွေနဲ့ အသက်မသေဘဲ ကျန်ရစ်ခဲ့သူတွေကို Tsarnaev က တောင်းပန်လိုက်ပါတယ်။ အမှုစစ်ဆေးစဉ်အတွင်း တောက်လျှောက် ငြိမ်သက်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် Tsarnaev က စီရင်ချက်ချအပြီး နောက်ထပ် ပြောကြားဖို့ ရှိ မရှိတော့ မသိရပါဘူး။

စီရင်ချက်ချတဲ့ ကြားနာစစ်ဆေးမှုအတွင်း ဗုံးဖောက်ခွဲမှုဒဏ် ခံခဲ့ကြရတဲ့သူတွေက ဒီတိုက်ခိုက်မှုဟာ သူတို့အပေါ်မှာ ဘယ်လောက် ထိခိုက်မှုရှိခဲ့သလဲဆိုတဲ့ အကြောင်းတွေကိုလည်း ပြောကြားခဲ့ကြပါတယ်။

သီတင်း ၁၂ ပတ်ကြာ အမှုစစ်ဆေးခဲ့ပြီးနောက် Tsarnaev ကို အကြမ်းဖက်မှုနဲ့ အခြား စွဲချက်ပေါင်း ၃၀ တို့နဲ့ ပတ်သက်ပြီး ပြစ်မှုထင်ရှား တွေ့ရှိခဲ့ပါတယ်။ အဲဒီပြစ်မှုတွေအနက် ၁၇ ခုဟာ သေဒဏ်ချမှတ်ခံရမယ့် အမှုတွေဖြစ်ပါတယ်။

XS
SM
MD
LG