သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုင်းရင်းသားဘရန်ရုန်းကို တရားသေလွှတ်


ကချင်ဒုက္ခသည်စခန်းတစ်ခုမြင်ကွင်း
ကချင်ဒုက္ခသည်စခန်းတစ်ခုမြင်ကွင်း

ကချင်ပြည်နယ်အတွင်း အစိုးရနဲ့ ကချင်လက်နက်ကိုင်တပ်တို့ကြား တိုက်ပွဲတွေပြန်ဖြစ်ခဲ့ချိန် ၂၀၁၂ ခုနှစ်က - တရားမဝင်အဖွဲ့နဲ့ ဆက်သွယ်မှု၊ ဖောက်ခွဲမှု ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ဦးဘရန်ရုန်းကို တရားသေ ပြန်လွှတ်လိုက်ပါပြီ။ ဦးဘရန်ရုန်းဟာ ဒုက္ခသည်စခမ်းမှာ ခိုလှုံနေသူ တစ်ဦးဖြစ်ခဲ့ပြီး လုပ်အားခယူပြီး နွားကျောင်းအငှားလိုက်ချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ထောင်ဒဏ်နှစ် ၂၀ ကျော် ချမှတ်ခံရပြီးတဲ့ နောက် အယူခံအဆင့်ဆင့် တက်ခဲ့ပြီးမှ အခုလို တရားသေလွတ်လာခဲ့ပုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကချင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ဦးဘရန်ရုန်းကို တရားမဝင်အဖွဲ့အစည်းနဲ့ဆက်သွယ်မှု၊ ဖောက်ခွဲမှုပုဒ်မတွေအပါအဝင် ပုဒ်မပေါင်း ၆ ခုနဲ့ တရားစွဲဆိုပြီး မြို့နယ်၊ ခရိုင်နဲ့ ပြည်နယ်တရားရုံးတွေက ထောင်ဒဏ် ၂၁ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ကတည်းက KIO ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ဆက်သွယ်မှု၊ ဖောက်ခွဲမှုတွေနဲ့ ဖမ်းဆီးပြီး ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့ရာမှာ အပြစ်မရှိကြောင်း အယူခံအဆင့်ဆင့်တက်ခဲ့ရာက နေပြည်တော်တရားလွှတ်တော် ရုံးချုပ်ကနေ သူ့ကို တရားသေ လွှတ်ပေးခဲ့တာဖြစ်ကြောင်း ဦးဘရန်ရုန်းရဲ့အကျိုးဆောင်ရှေ့နေ ဦးမာခါးက ပြောပါတယ်။

“တရားသေလွှတ်တာပါ။ အခုက ဒီလိုပေါ့။ အောက်ရုံးကနေ သူ့ကိုထောင်ဒဏ်တွေချထားတဲ့ အမှုတွေကို အဆင့်ဆင့် အယူခံတက်တာပေါ့နော်။ အဲဒီအယူခံတက်တော့ နေပြည်တော် တရားလွှတ်တော်ချုပ်ကို ရောက်သွားတယ်။ အဲဒီ နေပြည်တော် တရားလွှတ်တော်ချုပ်ကနေ အောက်ရုံးကချမှတ်ထားတဲ့ ပြစ်ဒဏ်တွေဟာ မှားယွင်းတယ်ဆိုတဲ့အကြောင်းနဲ့ အပြစ်မရှိ ပြန်လွှတ်လိုက်တာပေါ့။ နေပြည်တော်တရားလွှတ်တော်ချုပ်ကနေ အပြစ်မရှိ လွှတ်ပေးပြီ ဆိုပြီးမှ ဝရန်းပါမှ-တဲ့ဆိုပြီး မလွှတ်သေးတာပေါ့။ ဒီနေ့မှ လွတ်တာပေါ့နော်။ နို့မို့ဆို ဒီထဲမှာတောင်မှ သူ အကြာကြီး မနေခဲ့ရဘူး။ သူနဲ့အတူ အဖမ်းခံရတဲ့တစ်ယောက် လဖိုင်ဂမ်- ဆိုတာ ရှိတယ်။ သူတို့နှစ်ယောက် အတူတူပဲ။ အဲဒီလဖိုင်ဂမ်ကျတော့ ဒီနေ့အထိ မလွှတ်သေးဘူး။ ဘရန်ရုန်းကတော့ ဒီနေ့မှ လွတ်လာတယ်။ လဖိုင်ဂမ်ကျတော့ အခု ထောင်ထဲမှာ ရှိနေတုန်းပဲ။”

သူ့ကိုဖမ်းဆီးချိန်မှာ နှိပ်စက်ညှင်းပမ်းမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

“အကျဉ်းထောင်မှာတော့ သုံးနှစ်ကျော်လောက် သူ့ကို ဆွဲထားတဲ့အမှု (၆) မှုရှိတယ်။ ဒီဟာမှာ သူကတော့ နှစ်ပိုင်းပေါ့နော-တပိုင်းကတော့ သူ့ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့အချိန်မှာ သူ့ကို တကယ့်ကို ရက်ရက်စက်စက်ပေါ့နော်၊ လူမဆန်စွာ နှိပ်စက်ညှင်းပမ်းမှုအပိုင်းရှိတယ်။ နောက်တပိုင်းကတော့ သူ့ကို ဒီလို ထောင်ဒဏ်ချမှတ်တာဟာ လုံးဝ အပြစ်မဲ့မှန်း နဂိုရ်ထဲက သူတို့သိတာပေါ့နော်။ ဒီလို စရဖ - တို့၊ ရဲတို့ဆိုတာ နဂိုရ်ကတည်းက သိတယ်။ သူတို့ တမင်တကာပေါ့နော်၊ အပြစ်မရှိတဲ့ဟာကို အပြစ်ရှိတယ်ဆိုပြီးမှ လုပ်ကြံဖန်တီးပြီးမှ တရားစွဲဆိုပြီးမှ ထောင်ချတဲ့ ကိစ္စဖြစ်တဲ့အခါကျတော့ လုံးဝ လူ့အခွင့်အရေးကို အကြီးအကျယ်ချိုးဖောက်တဲ့ ကိစ္စပေါ့နော်။ အဲဒါကြောင့် သုံးနှစ်ကျော်လည်း ထပ်ပြီး ထောင်ထဲမှာနေရတယ်-ဆိုတဲ့ဟာ သူက အများကြီး နစ်နာတာပေါ့။”

ဦးဘရန်ရုန်းနဲ့အတူ အဖမ်းခံထားရတဲ့ အမှုတွဲ အမျိုးသားတစ်ဦးကိုလည်း မြစ်ကြီးနားအကျဉ်းထောင်မှာပဲ ထောင်ဒဏ် နှစ် (၂၀) ချထာပြီး သူ့ကိုတော့ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း အကျိုးဆောင်ရှေ့နေ ဦးမာခါးက ဆက်ပြောပြပါတယ်။

“လဖိုင်ဂမ်ကိုကျတော့ သူတို့ စရဖ-တွေ၊ ရဲတွေ- လုပ်ရှုပ်ထားတာပေါ့နော်။ လဖိုင်ဂမ်ကတော့ တရားရုံးမှာ ဖြောင့်ချက်ယူတယ်-ဆိုတဲ့ပုံစံနဲ့ လုပ်ထားတဲ့ကိစ္စ ရှိတယ်။ လဖိုင်ဂမ်ကတော့ အဲလို ဖြောင့်ချက်ပေးတာမျိုး လုံးဝ မရှိခဲ့ဘူးပေ့ါနော၊ အဲဒီဟာကို သူတို့က ဖြောင့်ချက် ယူထားတာ ရှိတယ်ဆိုပြီးတော့မှ တရားရုံးမှာ အဲလို ယူထားတယ်ဆိုပြီးမှ နှစ်မှုအတွက် အဲလိုလုပ်ထားတဲ့အခါကျ အဲဒီနှစ်မှုအတွက် မလွတ်ဘူးဖြစ်တာပေါ့။”

ဦးဘရန်ရုန်းဟာ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ မြန်မာတပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ နေရပ်ရင်းကို စွန့်ခွာခဲ့ပြီး ရွှေစက် ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်လာခဲ့တာပါ။ ဒုက္ခသည်စခန်းမှာနေထိုင်းရင်း အခကြေးငွေနဲ့ နွားကျောင်းထွက်ရင်း ဖမ်းဆီးခံခဲ့ရပြီး နွားပိုင်ရှင်တွေကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဦးဘရန်ရုန်းနဲ့ အမှုတွဲဖြစ်သူတို့ကိုသာ တရားမဝင်အသင်းနဲ့ ဆက်သွယ်မှု၊ ဖောက်ခွဲမှု ပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG