သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးတိုးမြှင့်ဖို့ ဗြိတိန်ဝန်ကြီးချုပ် အိန္ဒိယရောက်


ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း အိန္ဒိယနိုင်ငံကို ရောက်ရှိနေစဉ်။ (ဖေဖော်ဝါရီလ ၁၈ ရက်၊ ၂၀၁၃)။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း အိန္ဒိယနိုင်ငံကို ရောက်ရှိနေစဉ်။ (ဖေဖော်ဝါရီလ ၁၈ ရက်၊ ၂၀၁၃)။
ဗြိတိန်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အထူး ဆက်ဆံရေးဟာ အခိုင်အမာရှိနေတယ်လို့ အိန္ဒိယနိုင်ငံ မှာရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ်း ဒေးဗစ်ကင်မရွန် က ပြောလိုက်ပါတယ်။ နှစ်နိုင်ငံ စီးပွားရေးမှာ အဓိကကျတဲ့ လုပ်ငန်းဆောင်တာတွေကို တိုးချဲ့နိုင်ဖို့အတွက် မစ္စတာ ကင်မရွန်း ဟာ ဗြိတိန်ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေနဲ့ ကုမ္ပဏီပေါင်း ၁၀၀ ကျော်က ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အဖွဲ့ကို ဦးဆောင်ပြီး အိန္ဒိယနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

ဗြိတိန် ဝန်ကြီး လေးယောက်၊ လွှတ်တော်အမတ် ၉ ယောက်နဲ့ ကုမ္ပဏီပေါင်း ၁၀၀ ကျော်က ကိုယ်စားလှယ်တွေ နဲ့အတူ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ဟာ တနင်္လာနေ့က အိန္ဒိယနိုင်ငံကို ရောက်ရှိလာခဲ့တာပါ။ ဒါဟာ ဗြိတိန်ဝန်ကြီးချုပ် တယောက် ဦးဆောင်တဲ့ အကြီးဆုံးသော စီးပွားရေးကိုယ်စားလှယ်အဖွဲ့ရဲ့ နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။ မစ္စတာ ကင်မရွန်း ဝန်ကြီးချုပ်အဖြစ်နဲ့ ဒုတိယအကြိမ် ရောက်ရှိလာတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ ပြင်သစ်သမ္မတ Francois Hollande ဦးဆောင်တဲ့ အလားတူ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ ကို ရောက်လာခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ မစ္စတာ ကင်မရွန်း ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံးနှုန်းနဲ့ စီးပွားရေး တိုးတက်လာနေ တဲ့ နိုင်ငံတွေထဲက တခုဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ စီးပွားရေး ဆက်သွယ် လုပ်ကိုင်နိုင်ဖို့ အကြွေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပနိုင်ငံတွေ ဘယ်လို ကြိုးပမ်းနေကြလဲ ဆိုတာကို မြင်သာစေတာလည်း ဖြစ်ပါတယ်။

အိန္ဒိယနဲ့ ဗြိတိန် နှစ်နိုင်ငံကြားက အထူး ဆက်ဆံရေးဟာ အခိုင်အမာ ရှိနေတယ်လို့ ယူဆတဲ့အကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းက ပြောပါတယ်။

“မြင်ရတဲ့ အခြေအနေအရတော့ သိပ်ကို ကောင်းတယ်လို့ ကျနော် ထင်ပါတယ်။ ဥရောပမှာ အိန္ဒိယ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ တဝက်ဟာ ဗြိတိနိုင်ငံမှာ ရှိပါတယ်။ အိန္ဒိယမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးရှိတဲ့ နိုင်ငံကလည်း ဗြိတိန်နိုင်ငံပါ။ ဒါကြောင့် ကျနော်ထင်ပါတယ်…. ဒါက နှစ်နိုင်ငံကြား အထူးဆက်ဆံရေးရဲ့ အခြေခံပါပဲ။ စီးပွားဖက် မိတ်ဆွေ ဆက်ဆံရေး အပြည့်အ၀ ရှိတယ် ဆိုတာပါပဲ။ အိန္ဒိယဟာ ၂၀၃၀ ခုနှစ်ကျရင် ကမ္ဘာ့ တတိယ စီးပွားရေးအင်အား အကြီးဆုံး နိုင်ငံ ဖြစ်လာမှာဖြစ်ပါတယ်။ ဒီလိုနိုင်ငံမှာ ဆေးရုံဆေးခန်းသစ်တွေ ဆောက်တဲ့အခါ၊ လမ်းတွေဖောက်တဲ့အခါနဲ့၊ တက္ကသိုလ်ကျောင်းသစ်တွေ ဖွင့်လှစ်တဲ့အခါတွေမှာ ဗြိတိန်ကုမ္ပဏီတွေကပဲ ကူညီဆောက်လုပ်ပေးတာမျိုး ဖြစ်အောင် ကျနော် လုပ်ချင်ပါတယ်။ နှစ်နိုင်ငံကြား အပြန်အလှန် ဖလှယ်မှုတွေနဲ့ တကယ့် စစ်မှန်တဲ့ ဆက်ဆံရေးတရပ်ကို ကျနော်တို့ တည်ဆောက်ချင်တာပါ။”

ဗြိတိန်အစိုးရအနေနဲ့ နိုင်ငံရဲ့ စီးပွားရေး တိုးတက်လာအောင် ရုန်းကန်နေရတဲ့အချိန်မှာ အိန္ဒိယနိုင်ငံဟာ လာမယ့် ၂၀၅၀ ကျရင် ကမ္ဘာ့တတိယ စီးပွားရေး အင်အား အကြီးဆုံး ဖြစ်လာမယ်လို့ သူတို့အနေနဲ့ ယူဆထားတဲ့အတိုင်း အိန္ဒိယနဲ့ အဓိက မဟာဗျူဟာကျတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့အရေးကို မစ္စတာ ကင်မရွန်း အရင်ကပြောခဲ့ဖူးသလိုပဲ ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုတခုအနေနဲ့ထားပြီး ဆောင်ရွက်လာနေတာ ဖြစ်ပါတယ်။

“ဒါဟာ တကယ့် အလျင်မြန်နှုန်းနဲ့ တိုးတက်လာနေတဲ့ စီးပွားရေးပါ။ အနာဂတ်မှာ ထွန်းတောက်မယ့် ကြယ်တပွင့် ဖြစ်လာမယ့်နိုင်ငံပါ။ ဒီနိုင်ငံထဲကို အစောဆုံးဝင်ပြီး စီးပွားရေးလုပ်နိုင်ဖို့ လိုပါတယ်။ အခု ဗြိတိန် ကုမ္ပဏီတွေ လုပ်နေတာ ဒီကိစ္စပါပဲ။”

ဗြိတိန်နိုင်ငံအနေနဲ့ အိန္ဒိယနဲ့ ပညာရေးဆိုင်ရာ ဆက်ဆံမှုတွေ တိုးမြင့်ဆောင်ရွက်ဖို့ တိုက်တွန်းတဲ့အကြောင်းလည်း မစ္စတာ ကင်မရွန်းက ပြောဆိုခဲ့သလို ဗြိတိန်နိုင်ငံနဲ့ စီးပွားရေးလုပ်ချင်ကြသူတွေ အတွက် ပြည်ဝင်ခွင့်ဗီဇာ မြန်မြန်ဆန်ဆန် ထုတ်ပေးဖို့နိုင်ဖို့ ကိစ္စတွေကိုလည်း ပြောဆိုသွားပါတယ်။

“အိန္ဒိယ တက္ကသိုလ်ကျောင်းသားတွေ ကျောင်းလာတက်တာကို ကျနော်တို့ တကယ် လိုလားပါတယ်။ တက္ကသိုလ်တခုခုမှာ ဝင်ခွင့်ရထားပြီဆိုရင် ဘယ်သူ့ကိုမှ ကျနော်တို့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှာမဟုတ်ပါဘူး။ ဒီ အိန္ဒိယမှာ ဗြိတိန် ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးနေတာကို ကြည့်မယ်ဆိုရင်လည်း ဒါဟာ ကမ္ဘာ့တခြားနေရာတွေနဲ့ယှဉ်ရင် အကြီးဆုံး ဗီဇာဌာနပါ။ ဗီဇာလာလျှောက်တဲ့သူ ၁၀ ယောက်မှာ ၉ ယောက်က ဗီဇာရပါတယ်။ အခုဆိုရင် ဗြိတိန်နိုင်ငံကို လာချင်တဲ့ စီးပွားရေးသမားတွေ၊ ဒါမှမဟုတ် ဗြိတိန်နဲ့ဆက်သွယ်ပြီး ကုန်သွယ် စီးပွားလုပ်ချင်ကြတဲ့သူတွေ၊ ဒီလို စီးပွားရေးသမားတွေ အတွက် တရက်အတွင်း ဗီဇာထုတ်ပေးတဲ့လုပ်ငန်း စနိုင်ဖို့ ကြိုးစားနေပါတယ်။”

အိန္ဒိယအနေနဲ့ ဒေါ်လာဘီလျံပါင်းများစွာ အကုန်ကျခံပြီး ပြင်သင်နိုင်ငံထုတ် Rafale တိုက်လေယာဉ် ၁၂၆ စင်း ဝယ်ယူဖို့ ဆုံးဖြတ်ထားတဲ့ကိစ္စမှာ ပြန်လည် သုံးသပ်ပြီး ဒီအစား ဗြိတိန်နိုင်ငံမှာ တစိတ်တပိုင်း ထုတ်လုပ်တဲ့ Eurofighter လို့ခေါ်တဲ့ ဥရောပ ဂျက်လေယာဉ်တွေကို ဝယ်ယူဖို့ စိတ်ဝင်စားမယ်ဆိုရင် စဉ်းစားနိုင်တဲ့အကြောင်းတွေကို သူ့ရဲ့ ခရီးစဉ်အတွင်း အိန္ဒိအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံတဲ့အခါ မစ္စတာ ကင်မရွန်း ကမ်းလှမ်း ဆွေးနွေးလိမ့်မယ်လို့ လည်း မျှော်လင့်ရပါတယ်။
XS
SM
MD
LG