သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားနှစ်ဦး အသတ်ခံရမှု အဖြစ်မှန်ပေါ်ရေး ဗြိတိန်အစိုးရ ထိုင်းကို တိုက်တွန်း


ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ အရှေ့ဖျားနဲ့ အရှေ့တောင်အာရှရေးရာဝန်ကြီး Hugo Swire က ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှု ထိုင်းအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေး ကိုင်တွယ်ပုံကို အထူး စိုးရိမ်မကင်း ဖြစ်မိတယ်လို့ တနင်္လာနေ့က ပြောဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ ဗြိတိန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေကလည်း လူသတ်မှုနဲ့ ပတ်သက်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး ဖမ်းဆီးခံထားရတဲ့အတွက် အမှုမှန်ပေါ်ပေါက်ရေး ထိုင်းအစိုးရက ဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးရဲ့အမှုကို ထိုင်းရဲက စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့က ကြေညာချက် ထုတ်ခဲ့တာပါ။ ဒါ့အပြင် လန်ဒန်မြို့ရှိ ထိုင်းသံရုံးယာယီတာဝန်ခံကို ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုကို မျှမျှတတနဲ့ ထင်သာမြင်သာရှိရှိ ဆောင်ရွက်ဖို့ အရေးကြီးကြောင်း ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ အရှေ့ဖျားနဲ့ အရှေ့တောင် အာရှရေးရာဝန်ကြီး Hugo Swire က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သေဆုံးသူနှစ်ဦးလုံးရဲ့ မိသားစုတွေအနေနဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်တဲ့ နောက်ဆုံး အခြေအနေကို အမှန်အတိုင်း သိရဖို့ အရေးကြီးကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ဥပဒေကြောင်းအရ ဖြစ်စဉ်တွေမှာ ဗြိတိန်ရဲတပ်ဖွဲ့က ကူညီဖို့ အသင့်ဖြစ်နေတယ်လို့လည်း Mr. Swire က ပြောပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ကလည်း ဝန်ကြီး Hugo Swire က ထိုင်းဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်စကား ပြောဆိုခဲ့ပါတယ်။

ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ဗြိတိန်သတင်းမီဒီယာတွေက အနီးကပ်စောင့်ကြည့်ပြီး ဆက်တိုက် ရေးသားဖော်ပြချက်တွေ၊ နောက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေဘက်က ဘယ်လို ဖိအားပေး ထွက်ဆိုခိုင်းသလဲ ဆိုတာတွေကို ဖော်ပြထားတာတွေဟာ ဗြိတိန်အစိုးရကို ဖိအားပေးခဲ့တာဖြစ်တယ်လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

“ဗြိတိန်သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေဟာ အထောက်အကူဖြစ်စေခဲ့ပါတယ်။ အခုဆိုရင် ဒီအမှုကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနကိုယ်တိုင် ထိုင်းအစိုးရကို ဖိအားပေးလာပါတယ်။ လန်ဒန်မှာရှိတဲ့ ထိုင်းသံရုံးယာယီတာဝန်ခံကို ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ခေါ်ယူတွေ့ဆုံသလို၊ ဘန်ကောက်မှာရှိတဲ့ ဗြိတိန်သံအမတ်ကြီးကလည်း ထိုင်းရဲချုပ်နဲ့တွေ့ဆုံပြီး အမှုမှန်ပေါ်ပေါက်ရေး ပူးပေါင်းဆောင်ရွက်ဖု့ိ ကမ်းလှမ်းပြောဆိုခဲ့ပါတယ်။”

အခုလို ဗြိတိန်အစိုးရဘက်က ဖိဖိစီးစီး ဆောင်ရွက်လာတဲ့အပေါ်မှာ ကြိုဆိုပေမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးထားတဲ့အပေါ် အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်ပြီးတော့ ထိုင်းအစိုးရကို ဖိအားပေး တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ဗြိတိန်ရောက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက ပြောပါတယ်။ လန်ဒန်အခြေစိုက် မြန်မာလူမှုအဖွဲ့အစည်းတွေဖြစ်တဲ့ Oxford Burma Benefit Fund (OBBF) အဖွဲ့၊ Burma Democratic Concern (BDC) အဖွဲ့နဲ့ ကရင်တိုင်းရင်းသား အဖွဲ့အစည်းဖြစ်တဲ့ Karen Community Association တို့ဟာ အခြားနိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုမှာ အမှုမှန်ပေါ်ပေါက်ရေး ထိုင်းအစိုးရကို လက်မှတ်ရေးထိုး တောင်းဆိုလှုပ်ရှားနေကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ဦးဆောင်လှုပ်ရှားနေသူတဦးဖြစ်တဲ့ OBBF ရဲ့ ဥက္ကဌ မစန္ဒီသင်းမာဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကြိုဆိုတယ်။ ထိုင်းအစိုးရသွားတဲ့အခါမှာလည်း ထိုင်းဗိုလ်ချုပ်ကြီးဟောင်းကနေပြီးတော့ ဝန်ကြီးချုပ် ရုတ်တရက်ဖြစ်လာတဲ့ ဒီခေါင်းဆောင်အနေနဲ့လည်း ဗမာပြည်ကိုသွားတဲ့အခါမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ ဆွေးနွေးတယ်။ သူတို့ နှစ်သိမ့်စကားတွေပြောခဲ့တယ်။ အမှုကို ကူညီပါ့မယ်ဆိုပြီးတော့ ပြောခဲ့တယ်။ အဲ့ဒါတွေကို ကြိုဆိုပါတယ်။ David Cameron တို့ အစိုးရကလည်း အမတို့ မြန်မာနိုင်ငံသားနှစ်ယောက်အတွက် ဆိုတာထက်ပေါ့နော် သူတို့ဗြိတိန်နိုင်ငံသားနှစ်ယောက် သေတာကို အမှုမှန်ပေါ်အောင် သူတို့ ဖိဖိစီးစီး လုပ်လာတာကို အမတို့က ကြိုဆိုတယ်။ သို့သော် ထိုင်းခေါင်းဆောင်ကနော် ဝန်ကြီးချုပ်က သူက မီဒီယာတွေပြောတာ မယုံပါနဲ့၊ မီဒီယာတွေစကားကို ပြန့်ပွားအောင်မလုပ်ပါနဲ့လို့ ပြောတာတွေကျတော့ အမတို့က ရှေ့တမျိုးနောက်တမျိုး လွဲနေတယ်။ အဲ့ဒါတွေကို အမတို့က ဆက်ပြီးတော့ pressure လုပ်သွားရမယ်နော်။”

ဒါ့အပြင် အမှုမှန်ပေါ်ပေါက်ရေး ထိုင်းအစိုးရကို နိုင်ငံတကာက တောင်းဆိုတဲ့ လက်မှတ်ပေါင်း ၇ သောင်းကျော်ကို လက်ခံရရှိခဲ့တယ်လို့လည်း သူကပြောပါတယ်။ လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့မှာ လန်ဒန်မြို့ ဒေါင်းနင်းလမ်းက ဗြိတိန်ဝန်ကြီးချုပ်နေအိမ်ရှေ့မှာလည်း ဆန္ဒပြကြမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ လိပ်ကျွန်းလူသတ်မှုမှာ တရားခံတွေအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးရဲ့ မိဘတွေ ထိုင်းနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေပါတယ်။

ဒါနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲကို အင်္ဂါနေ့ကပြုလုပ်ခဲ့ပြီး မြန်မာသမ္မတရုံးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတို့ကလည်း ဗီဇာရရှိရေး၊ ထိုင်းနိုင်ငံကို ရောက်ရှိတဲ့အခါ လုံခြုံရေးကိစ္စတွေကို အကူအညီပေးဖို့ နှုတ်ကတိအရ သဘောတူထားပြီးဖြစ်တယ်လို့ မိဘတွေက သတင်းထောက်တွေကို ပြောပါတယ်။ လူသတ်တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာနှစ်ဦးရဲ့ မိဘတွေကို ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေက အဓိက ကူညီပေးသွားမယ်လို့လည်း သိရပါတယ်။ ထိုင်းနိုင်ငံသွားမယ့် အစီအစဉ် အသေးစိတ်ကိုတော့ စီစဉ်နေဆဲပဲလို့ မိဘတွေက ပြောပါတယ်။

XS
SM
MD
LG